ဒေါ်လာသန်း ၂၇၀ ကုန်ကျခံ ဆောက်လုပ်မယ့် Foxconn Technology ရဲ့လက်ပ်တော့ ၊ တက်ဘလက်ထုတ်လုပ်ရေးစက်ရုံအတွက် လိုင်စင်ချပေးလိုက်တယ်လို့ ဗီယက်နမ်အစိုးရက တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်ဝမ်ကုမ္ပဏီ Foxconn Technology ဟာ မြောက်ပိုင်း Bac Giang ခရိုင်အတွင်းမှာ စက်ရုံတည်သွားမှာ ဖြစ်ပြီး Fukang Technology က တည်ဆောက်ပေးမှာ ဖြစ်တယ်လို့လည်း အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြထားပါတယ်။ ဒီစက်ရုံကနေ နှစ်စဉ် ထုတ်ကုန်ပေါင်း ၈ သန်း ထုတ်လုပ်သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ Apple အတွက် iPhone တွေကို ကန်ထရိုက်နဲ့ ထုတ်လုပ်ပေးနေသူတစ်ဦးဖြစ်တဲ့ Foxconn ဟာ ဗီယက်နမ်မှာ အကြီးအကျယ် ရင်းနှီးမြှပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

Photo: Reuters
လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံအတွင်း Foxconn ရဲ့ ရင်းနှီးမြှပ်နှံမှုဟာ ဒေါ်လာ ၁.၅ ဘီလျံအထိ ရှိလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာလည်း ကုမ္ပဏီအနေနဲ့ ဒေသတွင်း အလုပ်သမား ၁၀၀၀၀ ထပ်ခန့်မှာ ဖြစ်ပြီး ဒေါ်လာ သန်း ၇၀၀ ထပ်မံ ရင်းနှီးမြှပ်နှံသွားဖို့ ရှိတယ်လို့ အစိုးရက ဆိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က နိုင်ငံပိုင် မီဒီယာမှာ Foxconn ဟာ ဟနွိုင်းမြို့တော် တောင်ဘက် ကီလိုမီတာ ၁၆၀ ခန့် ဝေးတဲ့ Thanh Hoa ခရိုင်မှာလည်း ဒေါ်လာ ၁.၃ ဘီလျံ ရင်းနှီးမြှပ်နှံမှုလုပ်ဖို့ လေ့လာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက Foxconn ဟာ ဗီယက်နမ်မှာ လာရောက်ရင်းနှီးမြှပ်နှံနေတာ ဖြစ်ပါတယ်။ Apple ထုတ်ကုန်အဓိက တပ်ဆင်သူလည်း ဖြစ်သလို ကမ္ဘာ့အကြီးဆုံး ကန်ထရိုက်ထုတ်လုပ်သူလည်း ဖြစ်တဲ့ Foxconn ဟာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းခရိုင်တွေ ဖြစ်တဲ့ Bac Ninh ၊ Bac Giang နဲ့ Vinh PHuc တို့မှာ အဓိက လုပ်ငန်းလည်ပတ်နေပြီး ကွန်ပျူတာနဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေအပြင် ကားအစိတ်အပိုင်းတွေလည်း ထုတ်လုပ်နေတာ ဖြ်စပါတယ်။
Foxconn ဟာ Apple Inc ရဲ့ တောင်းဆိုချက်ကြောင့် တရုတ်ကနေ ဗီယက်နမ်ကို ပြောင်းပြီး iPad နဲ့ MacBook တချို့ တပ်ဆင်ထုတ်လုပ်မှု လုပ်နေတယ်လို့လည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုတွေကြောင့် ဖြစ်လာမယ့် သက်ရောက်မှုကို လျှော့ချဖို့ အမေရိကန်နည်းပညာကုမ္ပဏီ Apple ဟာ ထုတ်လုပ်ရေးပိုင်းကို တရုတ်တစ်နိုင်ငံတည်း အားကိုးမှုကနေ တခြားနိုင်ငံတွေပါ ဖြန့်ကြက်လာခဲ့တာ ဖြစ်ပါတယ်။