ရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသား သန်း ၁၀၀ အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးသွားမယ့် သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့အစီအစဉ်မှာ Amazon မှ ဝင်ရောက်ကူညီပေးချင်ကြောင်း ပြောထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယအကြီးဆုံး လုပ်ငန်းရှင်ကြီးတစ်ခုဖြစ်တဲ့ Amazon ဟာ သမ္မတသစ် ဂျိုးဘိုင်ဒင်ဆီ တိုက်ရိုက်စာပေးပို့ပြီး သမ္မတရဲ့ ကာကွယ်ဆေးထိုးနှံပေးရေးအစီအစဉ်မှာ ကုမ္ပဏီရဲ့ အရင်းအမြစ်တွေ ယူသုံးနိုင်ကြောင်း ကမ်းလှမ်းထားတာပါ။

Photo: Tech Crunch
"ထပ်မံပြီး အစိုးရအဖွဲ့ရဲ့ ဆေးထိုးနှံရေးကြိုးပမ်းမှုကို ကူညီဖို့ ကျွန်ုပ်တို့ရဲ့ အော်ပရေးရှင်းများ ၊ သတင်းအချက်အလက် နည်းပညာ ၊ ဆက်သွယ်ရေးစွမ်းရည်နဲ့ ကျွမ်းကျင်မှုအပိုင်းတွေကို မြှင့်တင်ပေးဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့အရင်းအမြစ်တွေက COVID-19 တိုက်ဖျက်ရေးမှာ ထိရောက်ပြီး အဓိပ္ပါယ်ရှိတဲ့ သက်ရောက်မှုပေးနိုင်စွမ်းရှိပါတယ်။ သင့်ရဲ့ ကြိုးပမ်းမှုမှာ ပါဝင်ကူညီဖို့ ကျွန်ုပ်တို့ အသင့်ရှိနေပါတယ်။" လို့ သမ္မတသစ်ဆီ ပေးပို့တဲ့ Amazon ရဲ့ စာမှာ ဖော်ပြထားပါတယ်။
Amazon ကုမ္ပဏီမှာ ဝန်ထမ်းပေါင်း ၈ သိန်းကျော် ရှိထားပြီး အမေရိကန်တစ်နိုင်ငံလုံး သယ်ယူပို့ဆောင်ရေးကွန်ရက်ကြီးကို လွှမ်းခြုံထားတာပါ။ Amazon ဟာ လိုင်စင်ရ Third-Party ကျန်းမာရေးစောင့်ရှောက်မှု provider တစ်ဦးဖြစ်ပြီး COVID-19 ဆေးရတာနဲ့ Amazon လက်လီစတိုးစင်တာများ ၊ AWS ဒေတာစင်တာနဲ့ လက်ကားဈေးကွက်ဝန်ထမ်းအားလုံးကို ထိုးနှံပေးဖို့လည်း အသင့်ပြင်ထားတယ်လို့ဆိုပါတယ်။
Photo: KIRO-TV
လက်ရှိမှာ COVID-19 ကာကွယ်ဆေးတွေ ဖြစ်တဲ့ Pfizer နဲ့ Moderna ဆေးတွေ မလုံလောက်မှုနဲ့ ကြုံနေကြပါတယ်။ Pfizer နဲ့ Moderna ဆေးတွေကို အေးခဲအောင်ထားပြီးမှ သယ်ယူရတာ ဖြစ်ပါတယ်။ Pfizer ဆေးဟာ အလွန်တရာအေးတဲ့ အပူချိန်မှာ သိုလှောင်ဖို့ လိုတာ ဖြစ်ပြီး ထိုးမယ့်နေရာရောက်မှ ဆေးကို အရည်ပျော်စေပြီး အမြန်ထိုးနှံရတာ ဖြစ်ပါတယ်။ Amazon ဟာ နိုင်ငံအနှံ့ ဂိုဒေါင်တွေကနေ သယ်ယူရမယ့်ပစ္စည်းတွေကို အမြန်ဆုံးနဲ့ လက်တံရှည်ရှည် အရောက်ပို့နိုင်တဲ့ ဖြန့်ချိရေးစနစ်တွေထဲက တစ်ခု ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကမ္ဘာတစ်ဝန်းမှာ ဒီလို COVID-19 ဆေးအလုံးရေ ခန့်မှန်းခြေ ၅၄.၃ သန်း ဖြန့်ဖြူးထားပြီး ဒီထဲက ၁၇.၂ သန်းဟာ အမေရိကန်နိုင်ငံက ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ပျမ်းမျှ ဆေးအလုံးရေ ၉၁၂၄၉၇ လုံး ထိုးနှံခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။