မက္ကစီကိုသမ္မတ အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါ COVID-19 ကူးစက်ခံရကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) မှာ စစ်ဆေးသိရှိခဲ့ရပြီး ရောဂါလဏ္ခဏာ မပြင်းထန်ဘူးလို့ ဆိုပါတယ်။

(Photo: Reuters)
မက္ကစီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါဟာ ၎င်းရဲ့ နိုင်ငံမှာ ကပ်ရောဂါကူးစက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေခဲ့ရသူလည်း ဖြစ်ပါတယ်။ လိုပက်ဇ်အိုဘရာဒေါဟာ လက်ရှိမှာ ဆေးကုသမှုခံယူနေကြောင်း ၎င်းရဲ့ တရားဝင် Twitter မှတစ်ဆင့် အသိပေးထားပါတယ်။
"ကျွန်တော် COVID-19 ကူးစက်ခံရတယ်လို့ အသိပေးရတာ ဝမ်းနည်းပါတယ်၊ ရောဂါလက္ခဏာတွေကတော့ မပြင်းထန်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ဆေးကုသမှုခံယူနေပါတယ်၊ ကျွန်တော် အမြဲတမ်း အကောင်းမြင်ပါတယ်၊ ကျွန်တော်တို့အားလုံး ရှေ့ဆက်ကြမှာပါ" လို့ မက္ကစီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါက Twitter မှာ ပြောခဲ့ပါတယ်။
(Photo: CTV News)
အသက် ၆၇ နှစ်အရွယ် လိုပက်ဇ်အိုဘရာဒေါဟာ COVID-19 ကာကွယ်ရေး ပြည်သူလူထုကြား စံနမူနာအဖြစ် နေထိုင်ပြုမူခြင်းမရှိတာကြောင့် ကာလရှည်ကြာ ဝေဖန်ခံခဲ့ရပါတယ်။ ၎င်းးကို mask တပ်ထားလျက် တွေ့မြင်ရမှု နည်းပါးလှပြီး စီးပွားဖြစ်လေကြောင်းခရီးစဥ်များဖြင့် ခရီးသွားလာမှုတွေ ဆက်လက် ပြုလုပ်နေခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတလိုပက်ဇ်အိုဘရာဒေါက များပြားလှတဲ့ တစ်နေ့လုပ်တစ်နေ့စား မက္ကစီကိုပြည်သူတွေကို အကြီးအကျယ် သက်ရောက်မှုဖြစ်စေမယ့် lockdown စီမံဆောင်ရွက်မှုကို ငြင်းပယ်ခဲ့ပါတယ်။ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့စဥ် အစောပိုင်းမှာ မက္ကစီကိုကို မည်သို့ ကာကွယ်နေခဲ့ကြောင်း မေးမြန်းခဲ့ရာ သမ္မတလိုပက်ဇ်အိုဘရာဒေါက ၎င်းရဲ့ပိုက်ဆံအိတ်ထဲမှ ဘာသာရေး အဆောင်လက်ဖွဲ့နှစ်ခုကိုထုတ်ယူပြီး ဂုဏ်ယူစွာဖြင့် ပြသခဲ့ဖူးတယ်လို့ ဆိုပါတယ်။
(Photo: Anadolu Agency)
မက္ကစီကိုက ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Sputnik V ကို ရရှိနိုင်ရေး လုပ်ဆောင်နေပြီး သမ္မတလိုပက်ဇ်အိုဘရာဒေါဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ယနေ့ ဆက်သွယ်ဆွေးနွေးရန် အစီအစဥ်ရှိကြောင်း သတင်းထွက်နေခဲ့ပါတယ်။ ထိုသတင်းထွက်ပြီးနောက် မကြာမီမှာ မက္ကစီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါ COVID-19 ကူးစက်ခံရကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ မက္ကစီကိုမှာ Sputnik V ကာကွယ်ဆေးကို တရားဝင်ခွင့်ပြုချက် မပေးထားသေးပါဘူး။
(Photo: Reuters)
သို့သော် အစိုးရက တရားဝင်ခွင့်ပြုပေးခဲ့ပြီး အများပြည်သူကို ထိုးနှံပေးနေတဲ့ Pfizer-BioNTech ကာကွယ်ဆေး လိုအပ်ချက်ကို ဖြည့်ဆည်းရန် စီစဥ်နေပြီး Sputnik V ကာကွယ်ဆေး ၇.၄ သန်း ဝယ်ယူသွားရန် ရည်မှန်းထားခဲ့ပါတယ်။ လူဦးရေ ၁၂၇ သန်းကျော်ရှိတဲ့ မက္ကစီကိုမှာ လူဦးရေ ၆၁၈,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပြီး ဖြစ်ပါတယ်။ မက္ကစီကိုမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁.၇ သန်းကျော်နဲ့ သေဆုံးသူ ၁၅၀,၀၀၀ ကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း သေဆုံးမှု စတုတ္တအများဆုံးနိုင်ငံဖြစ်ကြောင်း သိရပါတယ်။