မကွေးမြို့တွင် ယနေ့ဇန်နဝါရီလ ၂၆ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့လူနာနဲ့ ထိစပ်ခဲ့သူ ဦးရေ ၂၀၀ ရှိနေပြီး ကုသရေးစင်တာတစ်ခုဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှုးဦးသက်လွင် က ပြောပါတယ်။
“အခုက ဒေသတွင်းကူးစက်ဆိုတော့ ကျွန်တော်တို့က ဆက်စပ်မိသမျှ လက်လှမ်းမှီသမျှကို အကုန်လိုက်ပြီးတော့ contact စာရင်းသွင်းပြီးတော့ ကျွန်တော်တို့ လုပ်လိုက်တာပေါ့၊ မဟုတ်ပါဘူးတို့၊ မသိပါဘူးတို့ ငြင်းနေတာတွေ ဘာတွေရှိနေလဲသိပ်စဉ်းစားမနေဘူး။ စစ်ဆေးဖို့ပဲ လုပ်လိုက်တာပေါ့”လို့ မကွေးမြို့နယ်အုပ်ချုပ်ရေးမှုးက ပိုးတွေ့ လူနာနှင့်ထိစပ်သူ ၂၀၀ တွေ့ရှိခြင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။
ပိုးတွေ့လူနာများနဲ့ ထိစပ်သူအများစုက မကွေးမြို့ပေါ်မှဖြစ်ပြီး မိကျောင်းရဲတိုက်နယ်မှ အနည်းငယ် ပါဝင်တယ်လို့လည်း သိရပါတယ်။
ကုသရေးစင်တာအား မကွေးဆရာအတတ်သင်ကောလိပ်အတွင်းရှိ ဗန္ဓုလအဆောင်တွင် ပြင်ဆင်ထား ပြီး ယနေ့ညနေပိုင်းမှစတင်ကာ ထပ်တိုးလူနာနဲ့ ထိစပ်သူများအား ထားရှိသွားမယ်လို့ ဦးသက်လွင်က ဆိုပါတယ်။
ဓာတ်ပုံ − သဒ္ဒါရှင် ရှင်သန်မှုကူညီရေးအသင်း
“TTC ထဲက ဗန္ဓုလဆောင်မှာ နောက်ထပ်ပိုးတွေ့လူနာတွေရှိလာရင်ထားဖို့ ပြင်ဆင်မှုလုပ်နေပြီပေါ့၊ ထပ်တိုးလာရင်တော့ အဲဒီမှာထားရမှာပေါ့”လို့ ဦးသက်လွင်က ပြောပါတယ်။
မကွေးမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနအနေနံ့အဆိုပါ ဗန္ဓုလဆောင်အား စောင့်ကြည့်နဲ့ ကုသရေးစင်တာအဖြစ် ပြင်ဆင်ပေးထားပြီး စောင့်ကြည့်ရေးနှင့်ကုသရေးခွဲခြားမှုများအား ကျန်းမာရေးဌာန၏ စီမံခန့်ခွဲမှုအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ ကုသရေးစင်တာမှာ လူနာ ၁၂၀ ထားရှိနိုင်မည်ဖြစ်ပြီး CCTV များတပ်ဆင်ထားပြီးဖြစ််တယ်လို့ သိရပါတယ်။ စင်တာကို ယခုညနေကနေ စတင်ထားရှိနိုင်ရန်ပြင်ဆင်ထားပြီး စောင်နဲ့ ခေါင်းအုံးများ ထည့်သွင်းပြီးပါက ထိစပ်သူများနဲ့ ပိုးတွေ့လူနာများအား စတင်ထားရှိနိုင်မယ်လို့လည်း သိရပါတယ်။
မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီဌာနရဲ့ ယနေ့မွန်းလွဲ(၂)နာရီအချိန် ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း မကွေးတိုင်းတွင် ကိုဗစ်ပိုးတွေ့ထပ်တိုးလူနာ ၁၃ ဦးရှိပြီး သေဆုံးလူနာ ၁ ဦးရှိခဲ့ကြောင်း သိရပါတယ်။
မကွေးတိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၃၂၅၁ ဦးနဲ့ သေဆုံးလူနာ ၁၃ ဦးနေပြီဖြစ်ပါတယ်။
မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share