• OnePlus တည်ထောင်သူဟောင်း Nothing နာမည်နဲ့ ကုမ္ပဏီသစ် တည်ထောင်

နည်းပညာနဲ့ လူတွေအကြား အတားအဆီးတွေ ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်

နာမည်ကျော် OnePlus စမတ်ဖုန်း အမှတ်တံဆိပ် တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကားလ်ပိုင်ဟာ စမတ်ထုတ်ကုန်သစ်တွေ ထုတ်လုပ်မယ့် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို လန်ဒန်မှာ တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။

ကုမ္ပဏီ နာမည်ကို Nothing လို့ နာမည်ပေးထားတယ်လို့ Business Insider သတင်းက ဆိုပါတယ်။ လန်ဒန်အခြေစိုက် ဒီကုမ္ပဏီဟာ Consumer Tech ပိုင်း အသားပေးထားတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး ဘယ်လို ထုတ်ကုန်တွေ ကြေညာသွားမလဲဆိုတာတော့ ပြောထားခြင်းမရှိသေးပါဘူး။ 

image

Photo: beebom


"Nothing ရဲ့ လုပ်ဆောင်သွားမယ့်အပိုင်းက အထစ်အငေါ့မရှိ ချောမွေ့တဲ့ ဒစ်ဂျစ်တယ်အနာဂါတ်တစ်ခု ဖန်တီးဖို့ နည်းပညာနဲ့ လူတွေအကြား အတားအဆီးတွေ ဖယ်ရှားသွားဖို့ ဖြစ်ပါတယ်။" လို့ Brand သစ်ရဲ့ CEO ကားလ်ပိုင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"အကောင်းဆုံးနည်းပညာဆိုတာ လှပနေရမယ်။ သဘာဝဆန်‌ပြီး သုံးနည်း သိဖို့ လွယ်နေရမယ်လို့ ယုံကြည်ပါတယ်။ လုံလောက်အောင်သာ အဆင့်မြှင့်ပြီးသွားရင် ဘာမှမဟုတ်ပါလားဆိုပြီး သိသွားစေရမယ်။"

Nothing ဟာ ဒီနှစ် ပထမနှစ်ဝက်အတွင်းမှာ စမတ်ထုတ်ကုန်တွေ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဘဏ္ဍာရေးအရ ဒေါ်လာ ၇ သန်း မတည်မှု ရခဲ့ပါတယ်။ ဒီလို ရင်းနှီးမြှပ်နှံသူတွေထဲမှာ iPod တီထွင်သူ တိုနီဖာဒဲလ် ၊ YouTuber တစ်ဦးဖြစ်တဲ့ ကေဆီ နိုက်စ်တက် ၊ Twitch ပူးတွဲတည်ထောင်သူ ကယ်ဗင်လင်း နဲ့ Reddit CEO စတိဗ်ဟုဗ်မန်းတို့လည်း ပါဝင်ခဲ့ပါတယ်။

ကားလ်ပိုင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက OnePlus ကုမ္ပဏီကနေ ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။ OnePlus ကို သူဟာ လက်ရှိ CEO ပီတီလောင်နဲ့အတူ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ကစပြီး OnePlus မှာ ၇ နှစ်ကြာ ဦးဆောင်ခဲ့တဲ့ ကားလ်ပိုင်ဟာ OnePlus ကို Flagship Killer ဖုန်းအဖြစ် ပုံဖော်နိုင်ခဲ့ပါတယ်။ OnePlus ထုတ် ပထမဆုံး ဖုန်းတွေကို ရောင်းချစဉ်က ဖိတ်ထားသူတွေထဲက မှာသလောက်ပဲ ရောင်းချမှုက စတင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ဈေးနှုန်းသက်သာပြီး ဈေးကွက်ကို ယှဉ်ပြိုင်ထိုးဖောက်နိုင်မယ့် စီးပွားရေးမော်ဒယ်သစ်ကို ပြောင်းခဲ့ပါတယ်။

Photo: Business Insider

၂၀၁၈ ခုနှစ်ကဆို နယူးယော့ခ်မြို့ T-Mobile ဆိုင်ရှေ့မှာ ဒေါ်လာ ၆၀၀ အောက် ဈေးနဲ့ ထွက်လာတဲ့ OnePlus 6T ဝယ်ဖို့ စောင့်နေတဲ့ လူတန်းကြီးဟာ iPhone သစ် စောင့်နေသူတွေထက်တောင် ပိုများခဲ့ပါတယ်။ OnePlus 6 တုန်းကလည်း နိုင်ငံပေါင်း ၁၁ နိုင်ငံက မြို့ပေါင်း ၂၆ မြို့မှာ ဒီဖုန်းဝယ်ဖို့ တန်းစီစောင့်နေသူပေါင်း ၁၅၀၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

နောက်ပိုင်းမှာ OnePlus ကနေ စမတ်ဖုန်းတွေအပြင် နောက်ပိုင်းမှာ နားကြပ် ၊ TV တွေပါ ထုတ်လာခဲ့ပါတယ်။ လောလောဆယ် OnePlus ဟာ OPPO နဲ့ Research & Development (R&D) ပိုင်းမှာ ပေါင်းစည်းလိုက်ပြီလို့ သတင်းထွက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က