• အဝေးကနေ ကြိုးမဲ့အားသွင်းနိုင်မယ့် Charging နည်းပညာ သစ် Xiaomi မိတ်ဆက်

လမ်းလျှောက်ရင်း ၊ ဂိမ်းဆော့ရင်းနဲ့ ကိုယ့်ဖုန်း ၊ စမတ်နာရီတွေကို Wireless အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

လေထဲကနေ ကြိုးမဲ့အားသွင်းနိုင်မယ့်နည်းပညာသစ် Mi Air Charge ကို Xiaomi က ကြေညာလိုက်ပါတယ်။

Xiaomi Mi Air Charge ဟာ ထုတ်ကုန်အများအပြားကို တစ်ပြိုင်တည်း အားသွင်းနိုင်မယ့် ကြိုးမဲ့အားသွင်းစနစ်ဖြစ်ပြီး အချင်းဝက် မီတာပေါင်းများစွာအတွင်းမှာရှိတဲ့ Devices တွေကို အားသွင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Xiaomi ရဲ့ အဆိုအရ ထုတ်ကုန်အမြောက်အများကို တစ်ချိန်တည်းမှာ 5W နှုန်းနဲ့ ကြိုးမဲ့အားသွင်းနိုင်မယ်လို့ ‌ပြောထားပါတယ်။ ကြားထဲမှာ အဟန့်အတားဖြစ်နေတဲ့ ရုပ်ဝတ္ထုအတားအဆီးတွေကလည်း အားသွင်းမှုစွမ်းရည်ကို လျော့ကျစေမှာ မဟုတ်ပါဘူး။

image

Photo: GSMArena

Xiaomi ရဲ့ အဝေးထိန်း အားသွင်းနည်းပညာဟာ တည်နေရာအခြေပြုနည်းပညာ နဲ့ စွမ်းအင်ထုတ်လွှတ်မှုပေါ် မူတည်ပါတယ်။ Charging Pile နည်းပညာမှာ ဖုန်းရဲ့ တည်နေရာကို တိတိကျကျ ထောက်လှမ်းနိုင်ဖို့ တစ်ခါတည်းပါပြီးသား အဆင့် ၅ ဆင့်ပါ ကြားခံ အန်တနာတွေ ပါရှိပါတယ်။ အန်တနာ ၁၄၄ ခုနဲ့ ဖွဲ့စည်းထားတဲ့ phase control array ကနေ ထုတ်လွှင့်ထားတဲ့ မီလီမီတာလှိုင်းတွေကို Beamforming နည်းပညာနဲ့ ဖုန်းဆီကို တိုက်ရိုက်လှိုင်းလွှင့်ပါတယ်။ 

Remote Charging ဖြစ်လို့ Mi Air Charge အားသွင်းမှု ရောက်နိုင်တဲ့နေရာနဲ့ တစ်ဝိုက် လမ်းလျှောက်ရင်း ၊ ဂိမ်းဆော့ရင်းနဲ့ ကိုယ့်ဖုန်း ၊ စမတ်နာရီတွေကို Wireless အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အားသွင်းတဲ့ Mi Air Charge ရဲ့ Transmitter ဟာ ခုံငယ်တစ်လုံးစာလောက် ကြီးမားပါတယ်။ အားသွင်းမယ့် စမတ်ဖုန်းဟာ နောက်ဆုံးပေါ် ခေတ်မီ အန်တနာဖွဲ့စည်းမှုနဲ့ လာရမှာ ဖြစ်ပြီး အန်တနာ ၁၄ တိုင်ကနေ မီလီမီတာလှိုင်းအချက်ပြတွေကို လျှပ်စီးပြောင်းဆားကစ်ကနေ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသွားမှာပါ။



Xiaomi ရဲ့ Mi Air Charge နည်းပညာဟာ စမတ်ဖုန်းတွေအပြင် နောက်ပိုင်းမှာ စမတ်နာရီများ ၊ ကိုယ်လက်ကြံ့ခိုင်‌ရေးလက်ပတ်နဲ့ တခြား ဝတ်ဆင်နိုင်တဲ့ စမတ်ထုတ်ကုန်တွေနဲ့လည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းဆို စမတ်စပီကာ ၊ စားပွဲတင်မီးအိမ်ကနေ တခြား စမတ်အိမ်သုံးထုတ်ကုန်တွေအထိ ကြိုးမဲ့ပါဝါပေးမယ့် ဒီဇိုင်းကို သုံးလာဖို့ ရှိတာကြောင့် Mi Air Charge နည်းပညာဟာ ရေပန်းစားလာဖို့ ရှိပါတယ်။

လောလောဆယ် Mi Air Charge စနစ် ထွက်ရှိမယ့်ရက် မသိရသေးသလို ဈေးနှုန်းနဲ့ ဝင်မယ့် ဈေးကွက်တွေအကြောင်းပါ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က