နယူးဇီလန် အပါအဝင် တောင်ပစိဖိတ်ဒေသတွင်း နိုင်ငံတွေမှာ ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ နယူးဇီလန်၊ ဗင်နွာတူ၊ နယူးကယ်လီဒိုနီးယားနဲ့ အခြား ဒေသတွင်းရှိ နိုင်ငံတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

ငလျင်ဟာ နယူးကယ်လီဒိုနီးယား ကျွန်းစုနယ်မြေ Vao ဒေသအရှေ့ဘက် ၂၅၈ မိုင်အကွာ ပင်လယ်ကြမ်းပြင်အောက် ၆ မိုင်အနက်မှာ လှုပ်ခတ်ခဲ့ကြောင်း USGS (United States Geological Survey) ဝက်ဘ်ဆိုက် ဖော်ပြပါတယ်။ ငလျင်လှုပ်ပြီးနောက် သုံးနာရီအတွင်း အန္တရာယ်ရှိတဲ့ ဆူနာမီရေလှိုင်များ တက်ရောက်လာနိုင်ကြောင်း အမေရိကန်မိုးလေဝသဌာန ပစိဖိတ်ဆူနာမီသတိပေးစင်တာ (NWS Pacific Tsunami Warning Center) က ပြောပါတယ်။



ငလျင်ကြောင့် ဖီဂျီ၊ နယူးဇီလန်နဲ့ ဗင်နွာတူနိုင်ငံတို့ရှိ ကမ်းရိုးတန်းအချို့မှာ ဒီရေလှိုင်းအမြင့် တစ်ပေမှသုံးပေကျော်ကြား တက်ရောက်လာနိုင်ကြောင်း ဆူနာမီသတိပေးစင်တာက ဆိုပါတယ်။ နယူးဇီလန်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဌာနကလည်း ကမ်းရိုးတန်းဧရိယာများရှိ လူတွေကို ကမ်းခြေနဲ့ဝေးရာသို့ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နယူးဇီလန် ကမ်းရိုးတန်းနေရာတွေမှာ ပြင်းထန်ပြီး ပုံမှန်မဟုတ်တဲ့ ရေစီးကြောင်းတွေနဲ့ မကြုံစဖူး ဒီရေမြင့်တက်မှုတွေ ကြုံတွေ့ရမယ်လို့ ခန့်မှန်းထားကြောင်း အဆိုပါဌာနက ပြောပါတယ်။ ယခုငလျင်လှုပ်မှု မဖြစ်ပွားမီက အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်း ကမ်းလွန်မှာလည်း ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိ ငလျင်တစ်ခု ဒေသစံတော်ချိန် ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က