အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) က လွှတ်တင်လိုက်တဲ့ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး အာကာသယာဥ်က အင်္ဂါဂြိုဟ်ရဲ့ ပထမဆုံးပုံရိပ်ကို ပြန်ပေးပို့ခဲ့ကြောင်း အာကာသအေဂျင်စီက ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

(Hope ရဲ့ အင်္ဂါဂြိုဟ်ပေါ်မှပုံရိပ်ကို သရုပ်ဖော်ရေးဆွဲထားမှု) (Photo: MBRSC)
ယူအေအီးရဲ့ Hope အမည်ရှိ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ဟာ ဖေဖေါ်ဝါရီ ၉ ရက် ညပိုင်းက အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို အောင်မြင်စွာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Hope က ပြန်ပေးပို့လိုက်တဲ့ ပထမဆုံးပုံရိပ်ဟာ နေအဖွဲ့အစည်းအတွင်း အကြီးဆုံးဖြစ်တဲ့ အင်္ဂါဂြိုဟ်ပေါ်ရှိ Olympus Mons မီးတောင်ရဲ့ ပုံရိပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုပုံရိပ်ကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က အင်္ဂါဂြိုဟ်မျက်နှာပြင်အထက် မိုင်ပေါင်း ၁၅,၃၀၀ ကျော် (ကီလိုမီတာ ၂၄,၇၀၀) မှ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ယူအေအီး အာကာသအေဂျင်စီက သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ယူအေအီးဝန်ကြီးချုပ်နဲ့ ဒူဘိုင်းအုပ်ချုပ်ရေးမှူး Sheikh Mohammed bin Rashid Al-Maktoum က အဆိုပါ ရောင်စုံပုံရိပ်ကို Twitter မှာ မျှဝေခဲ့ပါတယ်။
(Hope က ပြန်ပေးပို့လိုက်သည့် အင်္ဂါဂြိုဟ်ပုံရိပ်) (Photo: UAESA/MBRSC/LASP/EMM-EXI)
"သမိုင်းတစ်လျှောက် အာရပ်က လုပ်ဆောင်ခဲ့တဲ့ ပထမဆုံး စူးစမ်းလေ့လာရေးမှာ ရိုက်ကူးရရှိခဲ့တဲ့ အင်္ဂါဂြိုဟ်ရဲ့ ပထမဆုံးပုံရိပ်ပါ" လို့ ၎င်းက ရေးသားထားပါတယ်။ ယူအေအီးရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးဟာ အင်္ဂါဂြိုဟ်ရာသီဥတုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သိရှိရန်အပြင် ဒေသတွင်း လူငယ်ထုအတွက် စံနမူနာလည်းဖြစ်စေရန် ရည်ရွယ်ကြောင်း သိရပါတယ်။
ခြောက်နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့တဲ့ ယူအေအီးရဲ့ Hope Probe စူးစမ်းလေ့လာရေးယာဥ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်မှာမဟုတ်ဘဲ အင်္ဂါဂြိုဟ်ရဲ့ တစ်နှစ်တာကာလလုံး သို့မဟုတ် ၆၈၇ ရက်လုံး ဂြိုဟ်ကိုလှည့်ပတ်ပြီး စူးစမ်းလေ့လာရေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံက ၂၁၁၇ ခုနှစ်အရောက်မှာ အင်္ဂါဂြိုဟ်ပေါ်သို့ လူသားအခြေချမှု ပြုလုပ်နိုင်ရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ယူအေအီးရဲ့ Hope အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ကို ယမန်နှစ် ဇူလိုင် ၂၀ ရက်နေ့မှာ ဂျပန်နိုင်ငံ Tanegashima Space Center ကနေ H2-A ဒုံးပျံဖြင့် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ယူအေအီးရဲ့ Hope ယာဥ်ဟာ ယခုလအတွင်း အင်္ဂါဂြိုဟ်ကို ရောက်ရှိခဲ့တဲ့ စူးစမ်းလေ့လာရေးယာဥ်သုံးခုအနက် ပထမဆုံးလည်း ဖြစ်ခဲ့ပါတယ်။
ယူအေအီးဟာ အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ ဥရောပနဲ့ အိန္ဒိယပြီးပါက ထိုသို့လုပ်ဆောင်နိုင်ခဲ့တဲ့ ပဥ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ူတရုတ်နဲ့ အမေရိကန်ကလည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာတို့ အနီးဆုံးဖြစ်လာချိန်မှာ စူးစမ်းလေ့လာရေးယာဥ်များ လွှတ်တင်ခဲ့ကြပါတယ်။