အမေရိကန် အာကာသအေဂျင်စီ NASA က လွှတ်တင်လိုက်တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ဟာ ခုနစ်လကြာ ခရီးနှင်ခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ ဂြိုဟ်ပေါ်သို့ ဆင်းသက်မယ်လို့ သိရပါတယ်။

(အင်္ဂါဂြိုဟ်လေထုထဲသို့ အာကာသယာဥ်ရောက်ရှိမှု သရုပ်ဖော်ပုံ) (Photo: AFP)
အန္တရာယ်များတဲ့ အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်ရေး ပထမဆုံး လုပ်ငန်းစဥ်ကို လုပ်ဆောင်ခဲ့ပြီးနောက် NASA ရဲ့ Perseverance စူးစမ်းလေ့လာရေးယာဥ် ဂြိုဟ်ပေါ်သို့ ဆင်းသက်တော့မှာ ဖြစ်ပါတယ်။ Mars 2020 လို့ အမည်ပေးထားတဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသခရီးစဥ်အဖြစ် NASA က Perseverance ကို ယမန်နှစ် ဇူလိုင်လနှောင်းပိုင်းမှာ ဖလော်ရီဒါပြည်နယ်ကနေ လွှတ်တင်ခဲ့ပါတယ်။
ထိုခရီးစဥ်မှာ ဂြိုဟ်နီလို့လည်းခေါ်ကြတဲ့ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်မယ့် အကြီးဆုံး စူးစမ်းလေ့လာရေးယာဥ် ပါဝင်ပါတယ်။ NASA ရဲ့ Jet Propulsion Laboratory မှာ တည်ဆောက်ခဲ့တဲ့ အဆိုပါ စူးစမ်းလေ့လာရေးယာဥ်ဟာ အလေးချိန်တစ်တန်ရှိပြီး ၆ ပေခွဲ (၂ မီတာ) ရှည်တဲ့ စက်ရုပ်လက်တံတစ်ခု၊ ကင်မရာ ၁၉ လုံးနဲ့ အင်္ဂါဂြိုဟ်ပေါ်မှ အသံတွေကို မှတ်တမ်းတင်ဖမ်းယူရန် မိုက်ခရိုဖုန်းနှစ်လုံး တပ်ဆင်ထားပါတယ်။
(အင်္ဂါဂြိုဟ်ပေါ်သို့ စူးစမ်းလေ့လာရေးယာဥ် ဆင်းသက်မှုသရုပ်ဖော်ပုံ) (Photo: NASA/JPL-Caltech)
Perseverance ယာဥ်ဟာ ဂြိုဟ်ပေါ်သို့ ထိခိုက်မှုမရှိဘဲ ဆင်းသက်နိုင်ပါက ၁၉၉၇ ခုနှစ်နောက်ပိုင်း အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်ခဲ့တဲ့ ပဥ္စမမြောက် စူးစမ်းလေ့လာရေးယာဥ် ဖြစ်လာမယ်လို့ သိရပါတယ်။ ယခုအချိန်အထိ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ဆင်းသက်ခဲ့တဲ့ စူးစမ်းလေ့လာရေးယာဥ် အားလုံးဟာ အမေရိကန်မှဖြစ်ပြီး နောက်ဆုံး ဆင်းသက်ခဲ့တဲ့ Curiosity ယာဥ်ကလည်း ကမ္ဘာမြေပြင်မှ ထိန်းချုပ်စခန်းနဲ့ အဆက်အသွယ်ရှိနေပြီး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
(စူးစမ်းလေ့လာရေးယာဥ် ဆင်းသက်မှုအဆင့်ဆင့် သရုပ်ဖော်ပုံ) (Photo: NASA/JPL-Caltech)
ထိုအတောအတွင်း တရုတ်နိုင်ငံမှ Tianwen-1 နဲ့ ယူအေအီးနိုင်ငံမှ Hope စူးစမ်းလေ့လာရေး အာကာသယာဥ်တွေကတော့ အင်္ဂါဂြိုဟ်ပတ်လမ်းထဲမှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ တရုတ်ရဲ့ Tianwen-1 အာကာသယာဥ်မှာ ဂြိုဟ်ဆင်းယာဥ်နဲ့ စူးစမ်းလေ့လာရေးယာဥ် နှစ်ခုလုံး သယ်ဆောင်သွားပြီး လာမယ့် မေလအတွင်း အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မှာဖြစ်ပါတယ်။ ယူအေအီးက လွှတ်တင်လိုက်တဲ့ Hope ကတော့ အင်္ဂါဂြုဟ်ပေါ်သို့ ဆင်းသက်မှာမဟုတ်ဘဲ အင်္ဂါဂြိုဟ်ရဲ့ တစ်နှစ်တာကာလလုံး သို့မဟုတ် ၆၈၇ ရက်လုံး ဂြိုဟ်ကိုလှည့်ပတ်ပြီး စူးစမ်းလေ့လာရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။