• Featured

    တောင်အာဖရိကမှာ လူနှစ်ဦးလျှင်တစ်ဦးမှာ COVID-19 ကူးစက်ခံခဲ့ရဟု ခန့်မှန်း

တောင်အာဖရိကဟာ အာဖရိဒေသမှာ ကပ်ရောဂါကူးစက် အဆိုးဆုံး ဖြစ်ပွားတဲ့နိုင်ငံ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့ လူဦးရေထက်ဝက်ခန့် သို့မဟုတ် လူနှစ်ဦးလျှင်တစ်ဦးဟာ COVID-19 ရှိနေကြောင်း လေ့လာမှုတွေနဲ့ ကိန်းဂဏန်းအချက်အလက် ကျွမ်းကျင်သူတွေက ပြောပါတယ်။

image

တောင်အာဖရိကမှာ COVID-19 ကြောင့် သေဆုံးသူကလည်း တရားဝင် ထုတ်ပြန်ထားမှုထက် ထောင်ပေါင်းများစွာ ပိုများနိုင်တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကဟာ အာဖရိဒေသမှာ ကပ်ရောဂါကူးစက် အဆိုးဆုံး ဖြစ်ပွားတဲ့နိုင်ငံဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလနောက်ပိုင်း ပုံမှန်သေဆုံးမှုထက် သေဆုံးသူအရေအတွက် ၁၄၀,၀၀၀ ကျော် ပိုများလာခဲ့ကြောင်း South African Medical Research Council က ပြောပါတယ်။

တောင်အာဖရိကမှ ဆေးကုသမှုဆိုင်ရာ အာမခံကုမ္ပဏီ Discovery က ခန့်မှန်းမှုအရ ထိုသေဆုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ COVID-19 ကြောင့်ဖြစ်ကြောင်းနဲ့ အမှန်တစ်ကယ် သေဆုံးမှုအရေအတွက်ဟာ ၁၂၀,၀၀၀ ကျော်ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကအစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေကတော့ COVID-19 ကူးစက်ခံရသူ ၁.၅ သန်းနီးပါးနဲ့ သေဆုံးသူ ၄၈,၀၀၀ ကျော် ဖြစ်ပါတယ်။

သို့သော် ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ထိုကိန်းဂဏန်းတွေဟာ လျှော့ချဖော်ပြထားခြင်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ယခု တွေ့ရှိမှုဟာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းကို စစ်ဆေးလေ့လာမှုအရဖြစ်ပြီး ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာခဲ့ပေမဲ့လည်း ထိုပဋိပစ္စည်းကို စစ်ဆေးနိုင်ကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

တောင်အာဖရိက ပြည်နယ်လေးခုမှာ သွေးလှူဒါန်းသူ ၅,၀၀၀ နီးပါးကို လေ့လာမှုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့မှုအရ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သွေးနမူနာရယူခဲ့သူတွေရဲ့ ၃၂ ရာခိုင်နှုန်းနဲ့ ၆၃ ရာခိုင်နှုန်းကြားဟာ ကိုရိုနာဗိုင်းရပ်စ်ရှိခဲ့ကြောင်းနဲ့ တရားဝင် အတည်ပြုလူနာအဖြစ် သတ်မှတ်ထားရာမှာတော့ ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိသာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်း အများဆုံးတွေ့ရှိရတဲ့ ပြည်နယ်တွေကတော့ Eastern Cape နဲ့ KwaZulu-Natal တို့ ဖြစ်ကြပြီး ထိုနေရာတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့တဲ့ တောင်အာဖရိကရဲ့ COVID-19 ဒုတိယလှိုင်းမှာ ကူးစက်မှုဗဟိုချက်များ ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က