၁၉၂၀ ပြည့်နှစ်မှာ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်သွားပြီဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ဟာ ပြည်ပနိုင်ငံတွေမှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေအထိပါ သွားရောက်ပြသနိုင်တဲ့အထိ ဟိုးရခင်ကတည်းက ကျော်ကြားခဲ့ဖူးပါတယ်။
ရုပ်ရှင်ခေတ်အဆက်ဆက်မှာ နိုင်ငံတကာက အသိအမှတ်ပြပြု ရုပ်ရှင်ပွဲတော်တွေမှာ ထည့်သွင်းပြသခခဲ့တဲ့ မြန်မာရုပ်ရှင်ကားကောင်းများအအကြောင်းကို Duwun ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
Photo: ဂျပန့်ရင်သွေး ( Wikipedia)
၁။ ဂျပန့်ရင်သွေး (၁၉၃၅ ခုနှစ်)
၁၉၃၅ ခုနှစ် ကာလတုန်းက မြန်မာ့ရုပ်ရှင်ဖခင်ကြီး ဦးညီပုဟာ “ဂျပန့်ရင်သွေး” ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံမှာ သွားရောက်ရိုက်ကူးခဲ့တာပါ။ ဦးညီပု၊ ဦးမောင်မောင်စိုး နဲ့ ဂျပန်မင်းသမီး ဧမိစံ တို့ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတဲ့ ပထမဦးဆုံးအသံထွက် ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့ အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးသိန်းထွဋ်က Duwun ကို ပြောပါတယ်။ ဂျပန့်ရင်သွေး ရုပ်ရှင်ဇာတ်ကားဟာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှာ မရှိတော့ပေမယ့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံက အနုပညာရှင်များက အဖြူအမည်းရုပ်ရှင်ကို ဒစ်ဂျစ်တယ်စနစ်အဖြစ် ပြုပြင်ပြောင်းလဲပြီး လက်ဆောင်အနေနဲ့ ပြန်လည်ပေးအပ်ခဲ့တဲ့အတွက် အခုဆိုရင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနမှာ သိမ်းဆည်းထားတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်အမျိုးသားပြတိုက်မှာလည်း ယနေ့ထိတိုင် တန်ဖိုးထား သိမ်းဆည်းထားဆဲလို့ သိရပါတယ်။
ဂျပန်ဂန္တဝင်ရုပ်ရှင်ပွဲတော်တိုင်းမှာလည်း “ ဂျပန့်ရင်သွေး” ရုပ်ရှင်ဇာတ်ကားကို ယနေ့အထိတိုင်တောင် ထည့်သွင်းပြသလျက်ရှိတယ်လို့ သိရပါတယ်။
Photo: ရတနာပုံ ရုပ်ရှင် Facebook Page
၂။ ရတနာပုံ ( ၁၉၅၃ ခုနှစ်)
ဆရာကြီး ရွှေဥဒေါင်းရဲ့ ဝတ္ထုကို ဒါရိုက်တာ ဦးပုက ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းခဲ့ဖူးတဲ့ ရတနာပုံ ဇာတ်ကားကို ၁၉၅၃ ခုနှစ်မှာ ဒါရိုက်တာ ဦးတင်မောင်က ဒုတိယအကြိမ်ပြန်လည်ရိုက်ကူးပြီး သရုပ်ဆောင် မောင်တင်မောင်၊ အေးကြူ၊ တင်တင်မူနဲ့ ကြည်ကြည်ဌေးတို့ ပါဝင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု ရခဲ့တဲ့အပြင် ချက်ကိုစလိုဗေကီးယားပြည်နယ်၊ ပရပ်မြို့အနီးရှိ ကာလိုဗီဗာရီမှာ ကျင်းပပြုလုပ်တဲ့ (၁၁) ကြိမ်မြောက် ကမ္ဘာ့ရုပ်ရှင်ပွဲတော်မှာ နိုင်ငံပေါင်း (၄၂) နိုင်ငံ ရုပ်ရှင်ဇာတ်ကားပေါင်း (၈၄) ကားပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာနိုင်ငံက “ရတနာပုံ” ရုပ်ရှင်ဇာတ်ကားနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီဇာတ်ကားထဲက မင်းသမီး ကြည်ကြည်ဌေးကတော့ တရုတ်ပြည်က မင်းသမီးနဲ့ အမှတ်ချင်းတူနေခဲ့ပေမယ့် တရုတ်မင်းသမီးက အနိုင်ရခဲ့ပါတယ်။ သို့ပေမယ့်လည်း ကြည်ကြည်ဌေးရဲ့ သရုပ်ဆောင်မှုဟာ အသက်ဝင် ပီပြင်လှတယ်လို့ ခုံသမာဓိ အဖွဲ့က ချီးကျူးခဲ့ကြသလို ဆုလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Photo: မြန်မာ့ရုပ်ရှင် ရွှေရတု
၃။ သူချစ် (၁၉၅၇ ခုနှစ်)
ဗြိတိသျှဘားမားရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဦးချန်ထွန်းရိုက်ကူးထားပြီး အေဝမ်းညွန့်မောင် နဲ့ မေမြင့် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ၁၉၅၇ ခုနှစ်တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ အာရှရုပ်ရှင်ပွဲတော်မှာ “ သူချစ်” ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့တယ်လို့ သိရပါတယ်။
Photo: မြန်မာ့ရုပ်ရှင်သမိုင်းစဉ်( ရွှေရတု)
၄။ အကျော်အမော် ( ၁၉၅၈ ခုနှစ်)
၁၉၅၄ ခုနှစ်တုန်းက ဒါရိုက်တာ မောင်တင်ယု ရိုက်ကူးတဲ့ “ အကျော်အမော်” ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာ့ရုပ်ရှင်ဆုပေးပွဲမှာ ဇာတ်ကားဆု ရရှိထားတဲ့ အဖြူအမည်း ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ “ အကျော်အမော်” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ခင်မောင် နဲ့ ကြည်ကြည်ဌေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကြည်ကြည်ဌေးက နှစ်ကိုယ်ခွဲ သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားကို ၁၉၅၈ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စု တပ်ရှ်ကင့် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ ထည့်သွင်းပြသခဲ့တာဖြစ်ပြီး ဦးညီပု၊ ဦးအောင်ဇံ၊ သိန်းဇော် နဲ့ မေလွင်တို့က တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo: ဇာတိမြေ Facebook Page
၅။ ဇာတိမြေ( ၂၀၁၈ ခုနှစ်)
ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးထားတဲ့ “ ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာရုံတင်ပြသခဲ့ပြီးဖြစ်သလို ဂျပန်-မြန်မာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ထည့်သွင်းပြသလျက်ရှိပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အောင်ရဲလင်း၊ မြန်မာပြည်ဖွား ဂျပန်အနုပညာရှင် မိုရီဆာကီဝင်း နဲ့ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဂျပန်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ မြန်မာမိန်းကလေးနဲ့ ဂျပန်ကိုအလုပ်လာလုပ်တဲ့ မြန်မာလူငယ်လေး တစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မိုရီဆာကီဝင်းက ဒီရုပ်ရှင်ကားနဲ့ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာSpecial Award (performance) ဆုကို ရရှိခဲ့တဲ့အပြင် ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပတဲ့ The Japan Academy Award ဆုပေးပွဲမှာ The Best New Face Actor Award ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပြန်ပါသေးတယ်။
Photo: မုဒြာရဲ့ခေါ်သံ (Facebook Page)
၆။ မုဒြာရဲ့ခေါ်သံ (၂၀၁၈ ခုနှစ် )
အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ “ မုဒြာရဲ့ ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာ့ရိုးရာဂီတနဲ့ အကအလှတွေကိုအဓိကထားရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင် ဇဏ်ခီ ၊ လှယဉ်ကျေးနဲ့ နန်းဝေဝေထွန်းတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒါရိုက်တာသစ်နဲ့ သရုပ်ဆောင်အသစ်များဖြစ်ပေမဲ့ ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားရဲ့ အောင်မြင်မှုက နိုင်ငံတကာအထိ ခြေဆန့်ခဲ့ပြီး နိုင်ငံပေါင်း (၁၃) နိုင်ငံမှာပြသခွင့်ရခဲ့ကာ Mexico International Film Festival 2017 ဆုပေးပွဲမှာ Silver Palm Award ဆု နဲ့ International Student Newcomer Woman Film Festival (ISENMA) 2017 ဆုပေးပွဲမှာ Platinum Award ဆု စတဲ့ ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။
Photo: Mi ( Facebook Page)
၇။ မီ (၂၀၁၉ ခုနှစ်)
မီ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဏကြီးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ စာရေးဆရာမ ကြည်အေးရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ဇာတ်ကားပြန်လည်ရိုက်ကူးရာမှာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားလို့ ဆိုရမှာပါ။ ၂၀၁၉ ခုနှစ်က လန်ဒန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ASEAN Film Festival London 2019 ရုပ်ရှင်ပွဲတော်၊ မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Film Festival 2019 ပွဲတော်၊ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ASEAN Film Week 2019 ၊ United Kingdom၊ Wales မှာ ကျင်းပခဲ့တဲ့ Cardiff International Film Festival နဲ့ Spain နိုင်ငံ၊ Lleida မှာ ကျင်းပခဲ့တဲ့ Festival International de Cinema de Lleida Visual Art စတဲ့ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပါဝင်ပြသခဲ့တာကို တွေ့ရပါတယ်။ ဆုအနေနဲ့က မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ASEAN International Film Festival 2019 Best Director Of Photography ဆုကို ဒါရိုက်တာ ဏကြီးက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Photo: ရွှေကြာ (Facebook Page)
၈။ ရွှေကြာ (၂၀၁၉ ခုနှစ်)
မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ASEAN International Film Festival 2019 ရုပ်ရှင်ပွဲတော်မှာ ရွှေကြာရုပ်ရှင်ဇာတ်ကားလည်း ယှဉ်ပြိုင်ပြသခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်ကားပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက Special Jury Awards ဆုကို ရရှိခဲ့တာပါ။
ရွှေကြာရုပ်ရှင်ဇာတ်ကားဟာ ပြည့်တန်ဆာ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝိုင်း ရိုက်ကူးကာ သရုပ်ဆောင် အလင်းရောင်၊ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
Photo: The Only Mom Facebook Page
၉။ လိပ်ပြာစံအိမ် ( ၂၀၁၉ ခုနှစ်)
လိပ်ပြာစံအိမ် ဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးတာဖြစ်ပြီး နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ အဓိကပါဝင်ထားပါတယ်။ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ အိမ်ကြီးတစ်အိမ်ကို မိသားစုတစ်စု ပြောင်းလာတဲ့အချိန်မှာ တွေ့ကြုံလိုက်ရတဲ့အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ကြောက်မက်ဖွယ်ရာ မြန်မာသရဲကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုကတော့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Awards 2019 ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခဲ့ရခဲ့ပြီး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဓာတ်ပုံဆု၊ ဇာတ်ဝင်တေးဆု၊ အမျိုးသမီး ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆု စတဲ့ ဆု(၆) ဆု ရရှိခဲ့ပါတယ်။
Photo: ဘန်ကောက်မှ မန္တလေးသို့ ( Facebook Page)
၁၀။ ဘန်ကောက်မှ မန္တလေးသို့ (၂၀၂၀ ခုနှစ်)
ဘန်ကောက်မှ မန္တလေးသို့ ရုပ်ရှင်ဇာတ်ကားကို ထိုင်းလူမျိုး ဒါရိုက်တာ Chartchai Ketnust က ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးခဲ့တာပါ။ မြန်မာနာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည်နှင့် ထိုင်းသရုပ်ဆောင်မင်းသမီး Pilaiporn Supinchompu (Naam Whan) တို့ ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။ ထိုင်း- မြန်မာ ပူးပေါင်း ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့် ၂၀၂၀ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Bangkok International Documentary Film Awards ဆုပေးပွဲမှာပါဝင် ပြသခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ စိုင်းစိုင်းခမ်းလှိုင်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု နဲ့ နေတိုးက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ကို အသီးသီး ရရှိခဲ့ပါတယ်။
Photo: The Naked Ghost (Facebook Page)
၁၁။ The Naked Ghost ( ၂၀၂၀ ခုနှစ်)
The Naked Ghost ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ခုနှစ်မှာ လူငယ်အမျိုးသမီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော် က ပုံဖော်ရိုက်ကူးထားတာပါ။ ထွန်းထွန်း၊ ငြိမ်းချမ်းကျော်၊ နေရဲ နဲ့ ရွှေအိမ်စည်တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို မြန်မာသရဲကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂ ခုမှာ ပြသခွင့်ရခဲ့ပြီး ဆုတွေလည်း ရရှိခဲ့ပါသေးတယ်။ ရရှိခဲ့တဲ့ ဆုတွေက ၂၀၂၀ ခုနှစ်မှာ Bhutan နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Druk International Film Festival မှာ Best Horror/ Sci-Fi/Genre ဇာတ်ကားဆု၊ New York မြို့တွင် ကျင်းပခဲ့တဲ့ New York Film Festival မှာ Best Actor Award ဆုနဲ့ Honorable Mention (Sound Design) Award တို့ ဖြစ်ပါတယ်။
Photo: နို့ဘီလူး ( Facebook Page)
၁၂ ။ နို့ဘီလူး ( ၂၀၂၀ ခုနှစ်)
နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ကာ ဒါရိုက်တာ လူမင်းကိုယ်တိုင်ပုံဖော်ထားတာဖြစ်ပြီး မိဘမေတ္တာဖွဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင် လူမင်းနဲ့ အတူ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်မြတ်မွန်၊ ဇေရဲထက်နဲ့ ရွှေမှုန်ရတီ တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သလို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေ ရရှိထားတဲ့ ဇာတ်ကားပါ။
နို့ဘီလူး ရုပ်ရှင်ဇာတ်ကားရဲ့ အောင်မြင်မှုတွေကတော့ ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပတဲ့ (၆)ကြိမ်မြောက် Eurasia International Monthly Film Festival (October 2020) ပွဲမှာ Best Director (Winner) ဆု ၊ ဘူတန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Druk International Film Festival ( DIFF) ရုပ်ရှင်ဆုပေးပွဲမှာ Best Narrative Feature (Winner) ဆု၊ Best Director (Winner) ဆု၊ Best Actor (Winner) ဆု၊ Best Supporting Actress (Winner) ဆု စတဲ့ ဆု ၄ ဆုတို့ ရရှိခဲ့တာပါ။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ Calcutta International Cult Film Festival ပွဲတော်မှာလည်း ထူးချွန်ဆု (၅) ဆု ထပ်မံရရှိခဲ့ပြန်ပါတယ်။
ကိုးကား - မြန်မာ့ရုပ်ရှင်သမိုင်းစဉ်(ရွှေရတု)၊ Wikipedia