5G ဖုန်းတစ်လုံးကို ကိုယ့်အကြိုက် Features တွေ ပါတာကြောင့်မှ မဟုတ်ရင် မဝယ်သေးတာ ပိုကောင်းမယ်လို့ ပြောချင်ပါတယ်။

စမတ်ဖုန်းနည်းပညာသစ်တွေက အဖက်ဖက်က တရှိန်ထိုး တိုးတက်လာနေတယ် ဆိုတာ အားလုံးပဲ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါတယ် ။ အခုဆို ဈေးကွက်မှာ ပဉ္စမျိုးဆက် ကွန်ရက်နည်းပညာဖြစ်တဲ့ 5G ချိတ်ဆက်မှုပါတဲ့ စမတ်ဖုန်းတွေပါ ဝင်ရောက်လာပါပြီ။ 

5G ကွန်ရက်နည်းပညာက ပေးတဲ့ အကျိုးကျေးဇူးတွေအကြောင်း အားလုံးကြားဖူးမှာပါ။ တကယ်တော့ 5G ဖုန်းသုံးတာ ကောင်းကျိုးတွေ အများကြီး ရှိသလို စိန်ခေါ်မှုတွေလည်း ရှိတာပါပဲ။ တကယ်ပဲ 5G ဖုန်းတွေ လိုအပ်နေပြီလား ၊ 5G ဖုန်း ဝယ်သင့်သလားဆိုတာကို အခုပြောမယ့်အချက်တွေနဲ့ ချိန်ပြီး စဉ်းစားစေချင်ပါတယ်။




(၁) 5G ဖုန်းတွေက ဈေးမြောက်မယ်


Photo: The Wall Street Journal

နည်းပညာသစ်တွေက ဘယ်တော့မှ ဈေးမသက်သာဘူးဆိုတာ သိထားဖို့ လိုပါတယ်။ နည်းပညာသစ်တွေ ပေါ်ပေါက်လာဖို့ အချိန်တွေ ၊ ငွေကြေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အကုန်အကျခံထားတာပဲ။ ဒီတော့ နည်းပညာသစ်တွေ သုံးထားတဲ့ ထုတ်ကုန်တွေ ဈေးကြီးတာ မဆန်းပါဘူး။ Mid-Ranger ချင်းအတူတူ 4G ဖုန်းနဲ့ 5G ဖုန်း ဈေးချင်းကတော့ ကွာပါတယ်။ အကောင်းဆုံးက 5G ဖုန်းတွေ ဖွံ့ဖြိုးတွင်ကျယ်ပြီး ဈေးသက်သာလာမှ ဝယ်တာမျိုး လုပ်သင့်ပါတယ်။ 


(၂) 5G ကွန်ရက် အပြည့်မသုံးနိုင်ဘူး


Photo: USA Today

အခုနေ 5G တံဆိပ်ကပ်ပြီး ထွက်လာတဲ့ ဖုန်းတိုင်းက တကယ့် 5G ဖုန်းစစ်စစ်လို့ ပြောလို့ မရသေးပါဘူး။ 5G ကို စပြီး ဖြန့်ကြက်ချိန်က 5G ဟာ ကြိမ်နှုန်းမြင့် mmWave ပေါ်ကနေ သွားတာပါ။ သီအိုရီအရဆိုရင် mmWave နည်းပညာမှာ 5G ဟာ အင်တာနက်မြန်နှုန်း 5Gbps နဲ့ အထက်အထိ ရောက်နိုင်ပါတယ်။ mmWave က ဈေးကွက်မှာ ဖြန့်ကြက်မှု လုပ်ဖို့ကြာပါတယ်။ ဒီတော့ Network Providers တွေအနေနဲ့လည်း mmWave နဲ့ စာရင် ကွန်ရက်ဖြန့်ကြက်နိုင်အား ပိုကောင်းတဲ့ sub-6Ghz 5G ကြိမ်နှုန်း သုံးတာ ပိုများပါတယ်။ 


5G ဖုန်းတွေ စပြီးမိတ်ဆက်ခါစက ထွက်လာတဲ့ ဖုန်းတချို့ဟာ mmWave နည်းပညာသုံးထားတာပါ။ ဒီဖုန်းတွေဟာ sub-6Ghz 5G ကွန်ရက်ရတဲ့ နေရာတွေမှာ 5G ကွန်ရက် သုံးလို့ မရဘဲ 4G Speeds နဲ့ပဲ သုံးနိုင်မှာပါ။ 5G ကွန်ရက်နှစ်မျိုးစလုံး support ပေးထားတဲ့ ဖုန်းဆိုရင်လည်း အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဈေးသက်သာမှာ မဟုတ်ပါဘူး။ 



(၃) 5G လိုင်းက နေရာတိုင်း မရဘူး


Photo: GSMArena

တောင်ကိုရီးယားက စတင်လိုက်တဲ့ 5G ကွန်ရက်ဖြန့်ကြက်မှုဟာ အခုမှ ဖွံ့ဖြိုးဖို့ အရှိန်ယူခါစပဲ ရှိသေးတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ 5G ရတဲ့ နိုင်ငံက လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာဆို 5G ကွန်ရက် ဖြန့်ကြက်နိုင်ဖို့ နောက်နှစ်အတော်ကြာ စောင့်ရဖို့ ရှိပါတယ်။ ဒီတော့ 5G သုံးချင်လို့ 5G ဖုန်းကိုင်တာဆိုရင် စောသေးတယ်လို့ ပြောရမှာပါ။ လောလောဆယ်တော့ 5G ရမရ ဆိုတာထက် ကိုယ့်အသုံးပြုပုံနဲ့ အက်စပ်မှုအရှိဆုံး ဖုန်းတစ်လုံး ဝယ်တာက အကောင်းဆုံး အိုင်ဒီယာပါပဲ။


(၄) ဘက်ထရီမခံဘူး


Photo: xda-developers

5G ဖုန်းတစ်လုံးဟာ ဒေတာ ယူဖို့ လုပ်ရာမျာ စွမ်းအင်အများအပြား သုံးတာကြောင့် 5G ဖုန်းတွေဟာ ဘက်ထရီအလုပ် သိပ်ပေးပါတယ်။ 5G ဖုန်းတစ်လုံးဟာ Beamforming လို့ ခေါ်တဲ့ ဦးတည်ရာတစ်ခုဆီ ဒေတာအချက်ပြလွှင့်တာ ၊ ဒေတာ ရယူတာမှာ အာရုံခံ Sensor arrays လှိုင်းတွေ သုံးတာဖြစ်ပြီး ဖုန်း မြန်မြန်အပူတက်လာစေပါတယ်။

5G ဖုန်းတွေမှာ 5G ဆဲလ်တာဝါတွေကနေ အချက်ပြလှိုင်းတွေ ရစေဖို့ အန်တနာ ၃ ခု နဲ့ အထက် သုံးပါတယ်။ ဒါကလည်း ဖုန်းဘက်ထရီ အပူတက်စေတဲ့ အကြောင်းထဲက တစ်ခုပါပဲ။ နောက်တစ်ခုက 5G ဖုန်းတွေဟာ သိပ်ပြီး မသုံးဘဲနဲ့လည်း အပူချိန် တက်လွယ်ပါတယ်။ ဒီတော့ 5G ဖုန်း ဝယ်မယ်ဆိုရင် ဖုန်းပူမယ် ၊ ဘက်ထရီသက်တမ်း တိုပါမယ်။ 

နောက်ပိုင်းမှာ စဉ်းစားရမှာက 5G Data Plan တွေက လက်ရှိ 4G Plan တွေထက် ဈေးဘက်လောက်မြင့်နိုင်မလဲဆိုတာပါပဲ။ ဒီအချက်တွေကို ခြုံကြည့်လိုက်ရင် လောလောဆယ် 5G ဖုန်းတစ်လုံးကို ကိုယ့်အကြိုက် Features တွေ ပါတာကြောင့်မှ မဟုတ်ရင် မဝယ်သေးတာ ပိုကောင်းမယ်လို့ ပြောချင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က