၂၀၂၀ အတွက် ကမ္ဘာ့ဒုတိယအရောင်းရဆုံး ဖုန်းထုတ်လုပ်သူဟာ Huawei မဟုတ်တော့ပါဘူး။
Counterpoint Research နဲ့ Canalys တို့ရဲ့ သုတေသနအစီရင်ခံစာသစ်အရ အမေရိကန်အစိုးရရဲ့စီးပွားရေးပိတ်ဆို့မှုဒဏ်ကို အလူးအလဲခံနေရတဲ့ Huawei ကို ကျော်ပြီး Apple ဟာ ၂၀၂၀ အတွက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ Apple ကို ကျော်ပြီး Samsung နောက် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

Photo: Yahoo Finance
အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုဒဏ်တွေ ဆက်တိုက်ခံခဲ့ရပြီးနောက် ဒီတရုတ်စမတ်ဖုန်းကုမ္ပဏီဟာ ၂၀၂၀ အရောက်မှာ စမတ်ဖုန်းတင်ပို့မှ ၂၁% အထိ ထိုးကျသွားခဲ့တယ်လို့ Counterpoint သုတေသနက ဆိုပါတယ်။ ၂၀၂၀ စတုတ္ထလေးလပတ်မှာ Huawei ဟာ ကမ္ဘာ့အကြီးဆုံးထိပ်တန်း ဖုန်းကုမ္ပဏီ ၅ ခုစာရင်းကနေ ထွက်ခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။
Canalys ရဲ့ မှတ်ချက်အရ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ထိပ်တန်းဖုန်းကုမ္ပဏီ ၅ ခုစာရင်းမှာ Huawei မပါတာဟာ ဒါပထမဆုံးအကြိမ်ပဲလို့ ဆိုပါတယ်။ လက်ရှိမှာ တရုတ်ပြည်တွင်း ရောင်းအားကြောင့် Huawei ကို တတိယအကြီးဆုံး ဖုန်းကုမ္ပဏီနေရာမှာ မြင်ရပေမယ့် နိုင်ငံတကာဈေးကွက်ကို တိုးချဲ့လာနေတဲ့ Xiaomi က ကျော်ဖြတ်သွားဖို့ ရှိပါတယ်။ Xiaomi ဟာ ၂၀၁၉ ကနဲ့ စာရင် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတကာ ဈေးကွက်တိုးချဲ့မှု ပိုလုပ်ခဲ့ပြီး စမတ်ဖုန်းတင်ပို့မှုလည်း ၁၇% ပိုတက်လာနေပါတယ်။
Photo: The Verge
ဖုန်းကုမ္ပဏီတွေထဲမှာ ဈေးကွက်ကြီးထွားမှု အမြန်ဆုံး ကုမ္ပဏီဟာ Realme ဖြစ်ပါတယ်။ Realme ဟာ ၂၀၁၉ ကထက်စာရင် ၂၀၂၀ အတွင်းမှာ ဖုန်းတင်ပို့မှု ၆၅% ပိုများလာခဲ့တာဖြစ်ပါတယ်။ Samsung ဟာ ကမ္ဘာ့အကြီးဆုံး ဖုန်းကုမ္ပဏီနေရာမှာ ရှိပေမယ့် ပြီးခဲ့တဲ့နှစ်ကထက် စမတ်ဖုန်းတင်ပို့မှု ကျဆင်းခဲ့ပြီး ၂၀၂၀ အတွင်းမှာ စမတ်ဖုန်းအလုံးရေ ၂၆၆.၇ သန်းပဲ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်အလိုက်တင်ပို့မှုအနေနဲ့ Samsung ဟာ ၉.၈% ကျဆင်းသွားတာပါ။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ Apple ဟာ ၂၀၁၉ ကထက် စမတ်ဖုန်းတင်ပို့မှု ၁၅ သန်းခန့် ပိုများခဲ့ပြီး စမတ်ဖုန်းစုစုပေါင်း ၂၀၆.၁ သန်း တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Huawei ကတော့ ၂၀၁၉ မှာ စမတ်ဖုန်းအလုံးရေ သန်း ၂၄၀ ကျော် တင်ပို့နိုင်ခဲ့ရာကနေ ၂၀၂၀ မှာ စမတ်ဖုန်း ၁၈၉ သန်းပဲ တင်ပို့နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ လက်ရှိ ရောင်းချလိုက်ပြီးဖြစ်တဲ့ Honor ဖုန်းတွေပါ ထည့်တွက်ထားတာလည်း ဖြစ်ပါတယ်။