Facebook ကို အသုံးချပြီး အီရန်ဟက်ကာများ ကန်စစ်တပ်အရာရှိတွေကို ပစ်မှတ်ထားနေ

ယူကေနဲ့ ဥရောပဒေသတွေက လူတွေလည်း ပစ်မှတ်ထားခံရတယ်လို့ ဆိုပါတယ်။

           အီရန်နဲ့ဆက်စပ်မှုရှိနေတဲ့ ဟက်ကာကွန်ရက်တစ်ဖွဲ့ဟာ Facebook ပလက်ဖောင်းကို သုံးပြီး အမေရိကန်စစ်တပ်အရာရှိတွေကို ပစ်မှတ်ထားနေတယ်လို့ Facebook ကုမ္ပဏီက ကြာသာပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

           Tortiseshell လို့ သိရတဲ့ အဖွဲ့တစ်ခုကနေ ဒီ Cyber Attack ကမ်ပိန်းကို ဦးဆောင်နေတာပါ။ ဒီဟက်ကာအဖွဲ့ဟာ ကာကွယ်ရေးနဲ့ လေကြောင်းဘက်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေနောက်ကို လိုက်နေတာ ဖြစ်တယ်လို့လည်း Facebook က ဆိုပါတယ်။

image


Photo; rappler


           "နောက်ကွယ်က လူတွေကို ဖုံးကွယ်ဖို့ အတော်လေးအားကောင်းတဲ့ လုံခြုံရေးစည်းတွေကို အားကိုးထားပေမယ့် ဒီလိုလှုပ်ရှားမှုမျိုးက အရင်းအမြစ်ကောင်းကောင်းနဲ့ သေချာစနစ်တကျ လုပ်တဲ့ အော်ပရေးရှင်းတစ်ခုရဲ့ အမှတ်သားတွေ ပြနေပါတယ်။" လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "ကျွန်တော်တို့ပလက်ဖောင်းကတော့ ပလက်ဖောင်းဖြတ်ကျော် ဆိုက်ဘာသူလျှိုမှုတွေ လုပ်ရာမှာ အထိအတွေ့များတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Facebook ပေါ်အဲဒီလှုပ်ရှားမှုတွေကလည်း အဓိကကတော့ malware တိုက်ရိုက်ဖြန့်တာထက် Social Engineering နဲ့ လူတွေကို အီးမေးလ်တို့ စာပို့တာတို့ တခြားservices နဲ့ ဝက်ဘ်ဆိုက်တွေကနေ လူတွေကို content တွေ ပြတာမျိုး အဓိကထားပါတယ်။"

           Tortiseshell ရဲ့ အဓိကပစ်မှတ်ဟာ အမေရိကန်နိုင်ငံက လူတွေ ဆိုပေမယ့် ယူကေနဲ့ ဥရောပဒေသတွေက လူတွေလည်း ပစ်မှတ်ထားခံရတယ်လို့ ဆိုပါတယ်။ Tortoiseshell ဟာ အရှေ့အလယ်ပိုင်းတလျှောက်က IT ကုမ္ပဏီတွေကို ပစ်မှတ်ထားတိုက်ခိုက်လာခဲ့တဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုမှာ သုံးတဲ့နည်းလမ်းဟာ နှစ်ဆန်းပိုင်းက တရုတ်နိုင်ငံက ဝီဂါမွတ်စလင်အသိုင်းအဝိုင်းကို တိုက်ခိုက်ရာမှာ သုံးသွားတဲ့ တရုတ်မှ Evil Eye ရဲ့ နည်းလမ်းတွေနဲ့ ဆင်နေတယ်လို့လည်း Engadget သတင်းက ဖော်ပြထားပါတယ်။

           Facebook ရဲ့ အဆိုအရ Tortoiseshell အဖွဲ့ဟာ ပစ်မှတ်တွေနဲ့ ဆက်သွယ်မှု လုပ်ဖို့ အဆင့်အတန်းမြင့်တဲ့ အွန်လိုင်း ID တွေ ဖန်တိးထားပြီး သူတို့ရဲ့ အန္တရာယ်ရှိတဲ့ လင့်ခ်တွေကို ဝင်ကလစ်အောင်လို့ မဖျားယောင်းခင် အရင်ဆုံး ယုံကြည်မှုတည်ဆောက်တတ်တယ်လို့လည်း ဆိုပါတယ်။ လူမှုကွန်ရက်ပလက်ဖောင်းမျိုးစုံမှာ ဒီဟက်ကာတွေဟာ အကောင့်တွေ ဖွင့်ထားပြီး အကောင့်တွေကိုလည်း ယုံကြည်ချင်စရာကောင်းအောင် ဖန်တီးထားတာပါ။



Photo; WFMZ


           ဟက်ကာအဖွဲ့ဟာ အလုပ်ခေါ်ဝက်ဘ်ဆိုက်အတုတွေ တည်ဆောက်ထားပြီး တရားဝင်အမေရိကန်အလုပ်အကိုင်ဌာန အလုပ်ရှာဖွေရေး tools တစ်ခုအဖြစ်ပါ အယောင်ဆောင်ထားတယ်လို့ဆိုပါတယ်။ ဟက်ကာတွေ သုံးသွားတဲ့ malware တွေထဲက တချို့ကို အစ္စလမ်မစ် တော်လှန်ရေးစောင့်ရှောက်မှုကော်ပိုရေးရှင်း Islamic Revolutionary Guard Corps နဲ့ ဆက်သွယ်မှုရှိတဲ့ Mahak Rayan Afraz က ရေးဆွဲထားတာ ဖြစ်မယ်လို့လည်း Facebook က ယုံကြည်နေပါတယ်။

           အီရန်ဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း အွန်လိုင်းပေါ်က အဖျက်အမှောက်လုပ်ရပ်တွေမှာ ပါဝင်မှုရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။ သိသာတဲ့အချက်တစ်ခုက ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ အီရန်ဟာ ၂၀၂၀ ကန်သမ္မတရွေးကောက်ပွဲကို စွက်ဖက်ဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံထဲကတစ်ခုဖြစ်တယ်လို့ Microsoft က ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က