ဂျက်ဖ်ဘီဇော့စ် ကမ္ဘာပေါ် ပြန်မလာဖို့ လူ ၂ သိန်းနီးပါး အဆိုပြု

သူနဲ့အတူ ခရီးသည် ၃ ဦးလည်း လိုက်ပါသွားပါတယ်

ဇူလိုင် ၂၀ ရက်မှာ ကမ္ဘာ့အချမ်းသာဆုံး ထိပ်ထိပ်ကြဲဘီလျံနာဟာ သူ့ညီနဲ့အတူ ကမ္ဘာ့အပြင်ဘက် ခရီးထွက်သွားပြီ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက ဘီလျံနာကြီးကို ကမ္ဘာပေါ် ပြန်မလာစေချင်သူ သိန်းနဲ့ချီ ရှိနေတာပဲ ဖြစ်ပါတယ်။

               ဂျက်ဖ်ဘီဇော့စ်ဟာ သူ့ပိုင် Blue Origin အာကာသယာဉ်ရဲ့ New Shepard ဒုံးပျံနဲ့အတူ ပထမဆုံး လူလိုက်ပါတဲ့ အာကာသခရီးမှာ ကိုယ်တိုင်လိုက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကတည်းက သူနဲ့ သူ့ညီ မာ့ခ်ဘီဇော့စ်တို့ဟာ အာကာသထဲကို ခရီးသွားမယ်ဆိုတာကို ကြေညာခဲ့တာပါ။ ဘီဇော့စ်ညီနောင်နဲ့အတူ အာကာသလေ့လာရေးအတွက် ဒေါ်လာ ၂၈ သန်းနဲ့ မဲပေါက်သွားတဲ့ နယ်သာလန်မှ အသက် ၁၈ နှစ်အရွယ် အော်လီဗာဒေးမန်း ခရီးသည်တစ်ယောက်နဲ့ အသက် ၈၂ နှစ်အရွယ် အာကာသယာဉ်မှူးဟောင်း ဝယ်လီဖန့်ခ်ဆိုတဲ့ အမျိုးသမီးကြီးလည်း ပါသွားပါတယ်။

image


Photo: CBS News

               အာကာသထဲ ပျံသန်းခဲ့တဲ့ ပထမဆုံးအမေရိကန်လူမျိုး အလန်ရှီးပါ့ဒ်ကို ရည်စူးပြီး New Shepard လို့ နာမည်ပေးထားတဲ့ ဒုံးပျံနဲ့ ပျံခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂလိကပိုင် စီးပွားဖြစ် အာကာသခရီးသွားလာရေးလုပ်ငန်းခေတ်သစ်တစ်ခုကို ခြေဆန့်လိုက်တာပဲ ဖြစ်ပါတယ်။ ဒေါ်လာဘီလျံ ၂၀၀ ကျော် ချမ်းသာတဲ့ Amazon သူဌေးကြီးဟာ သူ့ပိုင် Blue Origin အာကာသလေ့လာရေးလုပ်ငန်းကို အာရုံစိုက်ဖို့ မကြာသေးခင်ကပဲ Amazon CEO ရာထူးက အနားယူခဲ့တာပါ။

ဘီဇော့စ်နဲ့အဖွဲ့ဟာ Blue Origin ရဲ့ West Texas ဒုံးပျံလွှင့်တင်ရေးဆိုက်ကနေ မနက် ၉ နာရီ ၁၂ မိနစ်က အာကာသထဲ ထွက်ခွာခဲ့ပြီး မြေပြင်အထက် ၄၅ မိုင်ခန့်အကွာမှာ ကုမ္ပဏီရဲ့ ဒီဇိုင်း BE-3 ပင်မအင်ဂျင်ကို ဖြုတ်ချခဲ့ပြီး လူလိုက်ပါတဲ့ Crew Capsule ကို သူ့ဘာသာ ပျံသန်းစေခဲ့တာပါ။ အာကာသစည်းလို့ ဆွစ်ဇာလန် FAI က သတ်မှတ်ထားတဲ့ မြေပြင်အထက် ၆၂ မိုင်ခန့်မှာ ဒီအဖွဲ့ဟာ သုံးမိနစ်ကြာ အလေးချိန်မဲ့လွင့်မျောမှုကို ခံစားခဲ့ပြီး ၉ နာရီ ၂၂ မိနစ်အကြာ အောင်အောင်မြင်မြင် ပြန်ဆင်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

           ၁၀ မိနစ်စာ ဒီအာကာသခရီးဟာ အပျော်တမ်းအာကာသခရီးသွားလာရေးရဲ့ ကနဦးအစကြိုးပမ်းချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ဘီဇော့စ်ရဲ့ပြိုင်ဘက် Virgin Galactic အာကာသယာဉ်ပိုင်ရှင် ဘရန်ဆန်လိုက်ပါခဲ့တဲ့ အာကာသခရီးစဉ်ကတော့ မိုင် ၅၀ အမြင့်အထိပဲ ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နာဆာကတော့ ဒီအမြင့်ဟာ အာကာသနယ်စပ်နိမိတ်လို့ သတ်မှတ်ထားတာပါ။ အာကာသနယ်စပ်စည်း သတ်မတ်မှုမှာတော့ ကွဲလွဲမှုတွေ ရှိနေဆဲပါ။

               ဘီဇော့စ်ရဲ့အခု အာကာသခရီးဟာ ခေတ်သစ်တစ်ခုကို အစပြုလိုက်တာ ဖြစ်ပေမယ့် သူ့ကို မချစ်တဲ့သူတွေလည်း ရှိနေပုံပါပဲ။ Business Insider သတင်းအရ ဘီဇော့စ်ကို အာကာသကနေ ပြန်မလာဖို့ လက်မှတ်ကောက်ခံတဲ့ ကမ်ပိန်းနှစ်ခု ရှိနေတယ်လို့ ဆိုပါတယ်။ ဒီကမ်ပိန်းနှစ်ခုဟာ အာကာသထဲ ခရီးသွားမယ်လို့ ဘီဇော့စ်ရဲ့ ကြေညာချက်ထွက်ပြီး သုံးရက်အကြာမှာ စတင်ခဲ့တာပါ။

               ပထမကမ်ပိန်းကို "ဂျက်ဖ်ဘီဇော့စ်ကို ကမ္ဘာမြေပြန်လာဖို့ ခွင့်မပြု" ( Do Not Allow Jeff Bezos To Return To Earth) ဆိုတဲ့ နာမည်နဲ့ Change.org petition မှာ လွှင့်တင်ထားတာ ဖြစ်ပြီး ဒီကမ်ပိန်းမှာ လူပေါင်း ၁၆၃၀၀၀ ကျော်ဟာ လက်မှတ်ထိုး အဆိုပြုခဲ့ပါတယ်။ "ဘီလျံနာတွေ ကမ္ဘာပေါ်မှာ မရှိသင့်ဘူး။ အာကာသထဲလည်း မရှိသင့်ပါဘူး။ ဒါပေမယ့် အာကာသထဲမှာပဲ ရှိနေသင့်တယ်လို့ သူတို့ဆုံးဖြတ်သင့်တယ်" ဆိုပြီးလည်း လက်မှတ်ကောက်ခံမှုအကြောင်း ညွှန်းချက်မှာ ရေးထားပါတယ်။


Photo: Reuters


               ကမ်ပိန်းမှာ လာပြီး လက်မှတ်ထိုးတဲ့ တချို့လူတွေကတော့ "ကမ္ဘာပေါ် ဒီလူတွေ (ဘီလျံနာ) ကို ပြန်လာခွင့်ပေးတာဟာ အခွင့်ထူးခံပေးတာမျိုးပဲ။ ကမ္ဘာကြီးက ဂျက်ဖ်ဘီဇော့စ် ၊ ဘီလ်ဂိတ်စ် ၊ အီလွန်မတ်စ်နဲ့ တခြားအဲ့ဒီလို ဘီလျံနာတွေကို အလိုမရှိဘူး" ဆိုပြီး မှတ်ချက်ပေးထားပါတယ်။ နောက်ထပ် လက်မှတ်ကောက်တဲ့အဖွဲ့ကလည်း "ဂျက်ဖ်ဘီဇော့စ် ကမ္ဘာကို တကျော့ပြန်မလာ‌ရေး တောင်းဆိုချက်" လို့ နာမည်ပေးထားပြီး ဒီကမ်ပိန်းကလည်း လက်မှတ် ၂၂၀၀၀ ကျော် ရထားပါတယ်။

               ဘီဇော့စ်ရဲ့ ပြိုင်ဘက်အာကာသယာဉ်ကုမ္ပဏီ Virgin Galactic သူ‌‌ဌေး ရစ်ချတ်ဘရန်ဆန်ကတော့ သူ့ပိုင်အာကာသယာဉ်ပျံနဲ့ ပြီးခဲ့တဲ့အပတ်ကတည်းက ကမ္ဘာ့အပြင်ဘက် အာကာသနယ်စပ်ကို ခရီးထွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ အာကာသခရီးသွားလာရေးဟာ ဘီလျံနာသူဌေးကြီးတွေအကြားလည်း ခေတ်စားလာဖို့ ရှိပါတယ်။

Share

Loading Next Article...
က္က