ယာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အက်သလက်တီကိုမှာ နည်းပြ ဆီမြွန်နီနဲ့ အဆင်မပြေတဲ့နောက် ဖီးလစ်က သူ့အိပ်မက်အသင်းကို ပြောင်းရွှေ့ခွင့်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌ လာပေါ်တာကလည်း ဖီးလစ်ကို သဘောကျနှစ်သက်တာကြောင့် ကန်ဆယ်လိုနဲ့အတူ ဒီကစားသမားကို နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ သူ့ရဲ့ အငှားစာချုပ်မှာလည်း အပြီးသတ်ခေါ်ယူခွင့် မပါရှိပါဘူး။

ဒါ့အပြင် ဖီးလစ်က ဘာစီလိုနာမှာ တစ်နှစ်လုပ်ခ ယူရို (၄) သိန်းသာ ရရှိမယ်လို့လည်း သိရှိရပြီး ဒီလိုမျိုး အသင်းကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် ငွေကြေးဆုံးရှုံးမှုတွေလည်းရှိခဲ့ပါတယ်။ ဖီးလစ်ဟာ အက်သလက်တီကိုမှာ တစ်နှစ်လုပ်ခ ယူရို (၆) သန်းရရှိနေတဲ့ ကစားသမားဖြစ်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာကြောင့် ဒီတစ်နှစ်စာအတွက် ယူရို (၅) သိန်းကျော်အထိ ဆုံးရှုံးခဲ့ရပါတယ်။
ဖီးလစ်ဟာ ဘာစီလိုနာကို မပြောင်းရွှေ့ခင်မှာလည်း အက်သလက်တီကိုနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ရပါသေးတယ်။ ဒီစာချုပ်သစ်မှာ ဖီးလစ်က လစာလျှော့ယူခဲ့ရပြီး တစ်နှစ်လုပ်ခ ယူရို (၃) သန်းသာ ရရှိတော့မှာပါ။ အဲ့ဒါကြောင့်လည်း အားလုံး အပြီးအစီးနောက်မှာ ဖီးလစ်ရဲ့ ဘာစီလိုနာကို ပြောင်းရွှေ့မှုက သူ့ကို ယူရို (၁၇) သန်းအထိ ဆုံးရှုံးစေခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေါ်တူဂီသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဖီးလစ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် တစ်စက္ကန့်တောင် အချိန်မယူခဲ့ဘဲ ချက်ချင်း လက်ခံခဲ့ပါတယ်။ ဘာစီလိုနာကလည်း မကြာခင်ကမှ လူငယ်ကစားသမားတွေအတွက် စီစဉ်ပေးထားတဲ့ အကြိုအပို့အစီအစဉ်တွေ၊ မနက်စာကျွေးမွေးမှု အစီအစဉ်တွေကို ဖျက်သိမ်းခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။