ချဲလ်ဆီးကတော့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲကို အေစီမီလန်နဲ့တွေ့မှပဲ အရယူနိုင်ခဲ့ပါတယ်။ ဒီပွဲက ချဲလ်ဆီးအတွက် လွယ်ကူတဲ့နိုင်ပွဲတပွဲလို့ပြောနိုင်ပြီး ပေါ်တာအတွက်လည်း မျက်နှာပန်းလှစရာ နိုင်ပွဲတပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အေစီမီလန်ကိုက ခြေစွမ်းပိုင်း တော်တော်လေး ဆိုးရွားပျက်စီးနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ချဲလ်ဆီးက ဒီပွဲအတွက် ကွင်းလယ်မှာ ကိုဗာဆစ်နဲ့ လော့ဖ်တပ်ချိခ်ကို တွဲပေးခဲ့ပြီး နောက်တန်းမှာ ကူလီဘလီကို ပြန်သုံးခဲ့ကာ သုံးယောက်တန်းခံစစ်နဲ့ ပွဲထွက်ခဲ့ပါတယ်။ တိုက်စစ်နေရာမှာတော့ အပြောင်းအလဲမရှိခဲ့ဘဲ အူဘာမီးယန်း၊ စတာလင်၊ မေဆင်မောင့်တို့ ပွဲထွက်ခဲ့ပါတယ်။ အစောပိုင်းမှာ ချဲလ်ဆီးတို့ အထနှေးခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အသာစီးရခဲ့ပြီး ဖိုဖာနာက ထောင့်ကန်ဘောကတဆင့် ရှုပ်ယှက်ခတ်နေတဲ့ကြားထဲက ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

အေစီမီလန်ရဲ့ ကွင်းလယ်က ဒီနေ့မှာ တော်တော်လေး ပုံပျက်နေခဲ့ပြီး ခံစစ်နဲ့ရော၊ တိုက်စစ်နဲ့ပါ အတွဲမမိခဲ့ပါဘူး။ အသင်းခေါင်းဆောင် ဘန်နက်ကာ ကိုယ်တိုင် ခြေပျက်နေပြီး အမြင့်ဘောတွေမှာ သူလူကပ်ရတဲ့ သီယာဂိုဆေးလ်ဗားက ဖိုဖာနာရဲ့ဂိုးမတိုင်ခင် သုံးကြိမ်တိတိ ဂိုးရနိုင်တဲ့ ခေါင်းတိုက်ချက်တွေနဲ့ ခြိမ်းခြောက်ခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးကပဲ ပွဲကို ထိန်းချုပ်ခဲ့ပြီး အူဘာမီးယန်း၊ ရီစီဂျိမ်းစ်တို့ရဲ့ ဂိုးတွေနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မန်စီးတီးကလည်း ဟာလန်းရဲ့သွင်းဂိုးနှစ်ဂိုးအပါအဝင် အိမ်ကွင်းမှာ ကိုပင်ဟေဂင်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဟာလန်းကိုလည်း ဂွါဒီယိုလာက ပထမပိုင်းပြီးတည်းက လူစားလဲလိုက်တာကြောင့်သာ နောက်ထပ်ဟက်ထရစ် ထပ်မမြင်ခဲ့ရတဲ့ပွဲတပွဲလို့ဆိုရမှာဖြစ်ပါတယ်။ ဒီကနေ့ည အသင်းကြီးတွေထဲမှာ နိုင်ပွဲပျောက်ခဲ့တာ ပီအက်စ်ဂျီတသင်းတည်းရှိခဲ့ပြီး ဘင်ဖီကာနဲ့ အဝေးကွင်းမှာ တဂိုးစီသရေကျခဲ့တာပါ။
ဒေါ့မွန်ကလည်း ဆီဗီလာကို အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဂျူဗင်တပ်စ်ကလည်း ဒီရာသီ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲအဖြစ် မက္ကာဘီဟိုင်ဖာကို အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ရိုဒရီဂို၊ ဗီနီရှပ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပထမပိုင်းမှာ မြင်တွေ့ခဲ့ရတဲ့ ၂-၁ ဂိုးဆိုတဲ့ရလဒ်အတိုင်းပဲ ရာနှုန်းပြည့်နိုင်ပွဲကို ဆက်လက်ရယူသွားခဲ့ပါတယ်။