လီဗာပူးတိုက်စစ်ကစားသမား ဆာလာဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ အောက်တိုဘာအတွင်းမှာ လီဗာပူးက မန်စီးတီး၊ ဝက်ဖို့ဒ်၊ ယူနိုက်တက်၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒီ (၄) ပွဲမှာ လီဗာပူးက (၁၄) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဆာလာကတော့ (၅) ဂိုးသွင်း၊ (၄) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဆာလာဟာ မန်စီးတီး၊ ဝက်ဖို့ဒ်တို့နဲ့ပွဲတွေမှာ ပြိုင်ဘက် နောက်ခံလူတွေကို လှလှပပလှည့်စားပြီး တစ်ကိုယ်တော်သွင်းဂိုးတွေကို သွင်းယူပြနိုင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ယူနိုက်တက်နဲ့ပွဲမှာတော့ ဆာလာက အထူးခြေစွမ်းပြခဲ့ပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို နာဘီကီတာရဲ့ အဖွင့်ဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာလည်း ဆာလာက တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။
ဘရိုက်တန်နဲ့ပွဲမှာတော့ ဆာလာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် လီဗာပူးရရှိခဲ့တဲ့ ဟန်ဒါဆန်ရဲ့အဖွင့်ဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ စက်တင်ဘာတည်းက ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသင့်တယ်လို့ မှတ်ချက်ပြုခံခဲ့ရပြီး အဲ့ဒီအချိန်က ဆာလာအစား ရော်နယ်ဒို တစ်လတာ အကောင်းဆုံးကစားသမားဆုရသွားတဲ့အပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သေးတာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာမှာတော့ ဆာလာက အငြင်းပွားဖွယ်မရှိဘဲ ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး အခုလိုမျိုး ထိုက်ထိုက်တန်တန် ဆုရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာဟာ အောက်တိုဘာအတွင်း ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း နှစ်ဂိုးသွင်း ခြေစွမ်းပြနိုင်ခဲ့သေးတာပါ။
ဆာလာဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၁၅) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၁၅) ဂိုးသွင်းယူပေးထားပြီး ယာဂင်ကလော့ပ်အတွက်တော့ မရှိမဖြစ် အားကိုးနေရတဲ့ ကစားသမားအဖြစ်ရှိနေပါတယ်။ အောက်တိုဘာအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကိုတော့ ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်လ်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးဟာ အောက်တိုဘာအတွင်း ဆောက်သမ်တန်၊ ဘရန့်ဖို့ဒ်၊ နော့ဝစ်ချ်၊ နယူးကာဆယ်တို့နဲ့ တွေ့ခဲ့ပြီး အဲ့ဒီပွဲအားလုံးမှာ နိုင်ပွဲရရှိခဲ့သလို လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားဆဲဖြစ်ပါတယ်။