ဒီကနေ့ညအစောပိုင်းမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ မာဆေးဆိုက်ဒ်ဒါဘီလည်းဖြစ်ခဲ့တဲ့ ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေ အခွင့်အရေးကိုယ်စီရရှိခဲ့ပေမယ့် ဂိုးသမားနှစ်ယောက် အပြိုင်လက်စွမ်းပြခဲ့တာ၊ တိုင်ထိထွက်ခဲ့တာတွေကြောင့်သာ သွင်းဂိုးတွေကို မြင်တွေ့ခွင့်မရရှိခဲ့တာပါ။
ဒါ့အပြင် ဒီပွဲမှာ ကိုအာဒီရဲ့ သွင်းဂိုးကို VAR က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပြီး ပွဲကစားချိန် (၇၅) မိနစ်မှာလည်း ပြိုင်ဘက်ကစားသမား အိုနာနာကို တက်နင်းခဲ့တဲ့ ဗန်ဒိုက်ချ်ကို ကွင်းလယ်ဒိုင် အန်သိုနီတေလာက အဝါကတ်သာ ပြသခဲ့ပါတယ်။ ဗန်ဒိုက်ချ်ရဲ့ဖြစ်ရပ်မှာတော့ ပရိသတ်တွေက တော်တော်လေး ဝေဖန်နေကြပြီး အဆိုပါ နယ်သာလန်ဗဟိုနောက်ခံလူကလည်း သိသိသာသာ ကစားပုံကြမ်းတမ်းခဲ့တာပါ။ ဗန်ဒိုက်ချ်ဟာ ဘောလုံးဖျက်ထုတ်ဖို့ ကြိုးစားရင်း အိုနာနာရဲ့ ခြေကျင်းဝတ်ကို နင်းခဲ့တာဖြစ်ပါတယ်။
ရုပ်သံအနှေးပြကွက်တွေအရ ဗန်ဒိုက်ချ်ရဲ့ ကစားပုံက အိုနာနာအတွက် တော်တော်လေးကို အန္တရာယ်များလွန်းပြီး ခြေထောက်ကျိုးနိုင်တဲ့အထိ ပြင်းထန်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အနီကတ်အပြမခံရဘဲ အဝါကတ်နဲ့ ဗန်ဒိုက်ချ်တယောက် လွတ်မြောက်သွားတဲ့အပေါ် ပရိသတ်တွေက ဝေဖန်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဗန်ဒိုက်ချ်နေရာမှာ အာဆင်နယ်ကွင်းလယ်လူ ချာကာသာဆိုရင် အထုတ်ခံရပြီလို့လည်း ဆိုနေကြပါတယ်။
ပရိသတ်တွေက “အိုနာနာကို ဗန်ဒိုက်ချ်နင်းတဲ့ကိစ္စကို VAR က ဘယ်လိုများ အနီကတ်မပြခိုင်းရတာလဲ” “တခြားနေရာမှာသာဆိုရင် အိုနာနာကို ဖျက်ထုတ်တဲ့ပုံစံက အနီပါပဲ။ ဘာလို့ဗျာ ဗန်ဒိုက်ချ်က လွတ်သွားရတာလဲ” “ဒါက ရာနှုန်းပြည့် အနီကတ်ပါ” “လီဗာပူးက ဒိုင်တွေရဲ့ မျက်နှာသာပေးမှုကို ထပ်ပြီးရပြန်ပါပြီ။ ချာကာသာဆိုရင်တော့ တန်းနေအောင် အနီကတ်ထိမှာပါ” လို့ မှတ်ချက်ပြုဝေဖန်နေကြပါတယ်။
လီဗာပူးဟာ ပရီးမီးယားလိဂ် (၆) ပွဲ ကစားပြီးချိန်မှာ ဘုန်းမောက်၊ နယူးကာဆယ်တို့ကိုသာ အနိုင်ရရှိထားပါတယ်။ ဘုန်းမောက်ကို (၉) ဂိုးပြတ်အနိုင်ရတာဖြစ်ပြီး နယူးကာဆယ်ကိုတော့ ကာဗယ်လ်ဟိုရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာပါ။ ကျန် (၄) ပွဲမှာတော့ ယူနိုက်တက်ကိုရှုံး၊ အခု အဲဗာတန်၊ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်တို့ကို သရေသာ ကစားနိုင်ခဲ့ပြီး ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။