• Featured

    Remdesivir ဆေးက COVID-19 ကုသရေးမှာ သိသာထင်ရှားတဲ့ ထိရောက်မှုရှိကြောင်း အမေရိကန်ပြော

COVID-19 ရောဂါလက္ခဏာခံစားရတဲ့ ကြာမြင့်ချိန်ကာလကို လျော့ကျစေခဲ့ပါတယ်။

စမ်းသပ်အဆင့် Remdesivir ဆေးက COVID-19 လူနာတွေကို ပြန်လည်သက်သာစေရန် အကူအညီဖြစ်စေကြောင်း သိသာထင်ရှားတဲ့ အထောက်အထားရှိတယ်လို့ အမေရိကန် National Institute of Allergy and Infectious Diseases (NIAID) ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ Anthony Fauci က ပြောပါတယ်။

Remdesivir က COVID-19 ကနေ ပြန်လည်သက်သာလာဖို့ ကြာမြင့်ချိန်ကို လျှော့ချရေးမှာ ကောင်းကျိုးသက်ရောက်မှုရှိတာ သိသာထင်ရှားပါတယ်
image

ကမ္ဘာတစ်ဝှမ်းရှိ ဆေးရုံတွေမှာ Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသခဲ့ရာ ရောဂါလက္ခဏာခံစားရတဲ့ ကြာမြင့်ချိန်ကာလကို ၁၅ ရက်မှ ၁၁ ရက်သို့ လျော့ကျစေခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ အဆိုပါဆေးဖြင့် စမ်းသပ်ကုသမှုရလဒ် အသေးစိတ်အချက်လက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ ကျွမ်းကျင်သူတွေကတော့ အတည်ပြုနိုင်ခဲ့ပါက စမ်းသပ်မှုရလဒ်ဟာ အလွန်ကောင်းမယ်လို့ ပြောခဲ့ကြပါတယ်။

ယခုဆေးဟာ လူ့အသက်တွေကိုကယ်ရန်၊ ဆေးရုံတွေအတွက် ဖိအားလျှော့ချရန်နဲ့ lockdown လုပ်ထားမှုတွေကို ရုပ်သိမ်းရန် အလားအလာကောင်းတွေ ရှိလိမ့်မယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါကုသရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။

သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။

Remdesivir ဆေးဖြင့် COVID-19 လူနာ ၁,၀၆၃ ဦးကို NIAID အစီအစဥ်အရ စမ်းသပ်ကုသခဲ့ပါတယ်။ ထိုသို့ စမ်းသပ်ကုသရာမှာ လူနာအချို့ကို Remdesivir ဆေးဖြင့်ကုသခဲ့ပြီး အခြား လူနာတွေကိုတော့ ထိုဆေးနဲ့တူပေမဲ့ အာနိသင်မရှိတဲ့ဆေးကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

Remdesivir စမ်းသပ်ကုသမှုအကြောင်း ပြောကြားထားတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ဖူးပါတယ်

"အချက်အလက်တွေအရ Remdesivir က COVID-19 ကနေ ပြန်လည်သက်သာလာဖို့ ကြာမြင့်ချိန်ကို လျှော့ချရေးမှာ ကောင်းကျိုးသက်ရောက်မှုရှိတာ သိသာထင်ရှားပါတယ်" လို့ ဒေါက်တာ Anthony Fauci က ပြောပါတယ်။ ယခု စမ်းသပ်မှုဟာ အမေရိကန် Food and Drug Administration (FDA) က ထောက်ခံအတည်ပြုမှု မတိုင်မီ နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ (Phase 3) စမ်းသပ်မှုလို့လည်း ဆိုပါတယ်။

ယခင် ထွက်ပေါ်ခဲ့ဖူးတဲ့ Remdesivir သတင်းများ

Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသခဲ့ရာမှာ ရက်ပိုင်းအတွင်း နေပြန်ကောင်းလာပြီး ဆေးရုံဆင်းနိုင်ခဲ့ကြောင်း ဧပြီ ၁၆ ရက်နေ့မှာ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ ထိုစဥ်က Remdesivir စမ်းသပ်ကုသမှုအကြောင်း ပြောကြားထားတဲ့ ဗီဒီယိုတစ်ခုကို ရရှိခဲ့တဲ့ STAT News သတင်းဌာန သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှု ခံယူခဲ့ကြတဲ့ COVID-19 လူနာတွေဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိပြီး ကိုယ်အပူချိန် မြင့်တက်နေသူများဖြစ်ကြောင်း သိရပါတယ်။ ထိုလူနာတွေဟာ Remdesivir ဆေးဖြင့် ကုသမှုခံယူခဲ့ပြီး‌နောက် သီတင်းတစ်ပတ်မပြည်မီမှာ ဆေးရုံဆင်းနိုင်ခဲ့တယ်လို့ စမ်းသပ်ကုသမှုကို ဦးဆောင်ခဲ့သူ ဆရာဝန်ကို ကိုးကားပြီး STAT က ဖော်ပြပါတယ်။

သို့သော် ဧပြီ ၂၃ ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မတော်တဆ ထုတ်ပြန်ခဲ့မိတဲ့ စမ်းသပ်ကုသမှုရလဒ် အကျဥ်းချုပ်မူကြမ်းအရ တရုတ်မှာ Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို ပထမဆုံးအကြိမ် စမ်းသပ်ကုသခဲ့စဥ်က စမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Gilead Sciences က WHO ရဲ့ ပို့စ်နဲ့ပတ်သက်ပြီး အငြင်းပွား မေးခွန်းထုတ်ခဲ့ပါသေးတယ်

WHO ရဲ့ စမ်းသပ်ကုသမှုရလဒ် အကျဥ်းချုပ်မူကြမ်းအကြောင်း သတင်းကိုတော့ Financial Times နဲ့ STAT News သတင်းဝက်ဘ်ဆိုက်တို့က ပထမဆုံး ဖော်ပြခဲ့ကြပါတယ်။ WHO ဝက်ဘ်ဆိုက်မှာ တင်ထားခဲ့တဲ့ ပို့စ်ကိုတော့ နောက်ပိုင်းမှာ ပြန်ဖျက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ Gilead Sciences က WHO ရဲ့ ပို့စ်နဲ့ပတ်သက်ပြီး အငြင်းပွား မေးခွန်းထုတ်ခဲ့ပါသေးတယ်။

WHO ရဲ့ အကျဥ်းချုပ်မူကြမ်းမှာ ဖော်ပြထားမှုအရ တရုတ် လူနာ ၂၃၇ ဦးပါဝင်တဲ့ ပထမဆုံး စမ်းသပ်ကုသမှု လုပ်ဆောင်ခဲ့ရာ ၁၅၈ ဦးအုပ်စုကို Remdesivir ဆေးဖြင့်ကုသပေးပြီး ကျန် ၇၉ ဦးအုပ်စုကို ထိုဆေးမပေးခဲ့ဘူးလို့ ဆိုပါတယ်။ ထိုသို့ စမ်းသပ်ခဲ့ရာမှာ လူနာ ၁၈ ဦးထံမှာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာတာကြောင့် Remdesivir ဆေးဖြင့် ကုသမှုကို အစောပိုင်းမှာပဲ ရပ်ဆိုင်းခဲ့တယ်လို့ WHO ရဲ့ အကျဥ်းချုပ်ဖော်ပြချက်က ပြောထားပါတယ်။

တစ်လကြာပြီးနောက် Remedesivir ဖြင့် ကုသပေးခဲ့တဲ့ လူနာအုပ်စုမှ ၁၃.၉ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး ထိုဆေးဖြင့် ကုသခြင်းမရှိ လူနာအုပ်စုမှ ၁၂.၈ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။ ထိုရာခိုင်နှုန်းတွေကို နှိုင်းယှဥ်မှုအရ သိသာစွာ ကွာခြားမှုမရှိခဲ့တာ တွေ့ရပါတယ်။ ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ Remedesivir ဆေးစမ်းသပ်မှုရလဒ် အကျဥ်းချုပ်‌ဖော်ပြချက်မူကြမ်း ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး ထိုအကျဥ်းချုပ်မူကြမ်းကို သုံးသပ်နေဆဲဖြစ်ကာ မှားပြီးတော့ စောစောထုတ်ပြန်ခဲ့မိတာ ဖြစ်တယ်လို့ WHO က Financial Times ကို ပြောခဲ့ပါတယ်။ 

COVID-19 ကာကွယ်ဆေး သို့မဟုတ် ကုသဆေး တစ်မျိုးမျိုးထွက်ပေါ်ရန် တစ်ကမ္ဘာလုံးက မျှော်လင့်နေကြပါတယ်

Remedesivir ဆေးဖြင့် ကုသပေးခဲ့သူတွေနဲ့ ထိုဆေးမပေးဘဲ ကုသခဲ့သူတွေကို နှိုင်းယှဥ်ကြည့်ရာမှာလည်း ကွာခြားမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတဲ့ COVID-19 နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ ကာကွယ်ဆေးနဲ့ ကုသဆေး သို့မဟုတ် ကုထုံးတွေကို စမ်းသပ်လေ့လာနေကြဆဲဖြစ်ပြီး အတည်ပြုနိုင်တဲ့ ကာကွယ်ဆေး သို့မဟုတ် ကုသဆေး တစ်မျိုးမျိုးထွက်ပေါ်ရန် တစ်ကမ္ဘာလုံးက မျှော်လင့်နေကြပါတယ်။

Source: USA Today, Gilead, AFP, Photo: AP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က