ဆယ်စုနှစ်တစ်ခုကျော်အထိ ဖောက်သည်အခိုင်အမာနဲ့ရပ်တည်နေတဲ့ မြောက်ဒဂုံရဲ့နာမည်ကျာ်ခေါက်မုန့်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မြောက်ဒဂုံရဲ့နာမည်ကျော် ခေါက်မုန့်
မဟာမြိုင်အိမ်ရာထဲမှာစတင်ဖွင့်လှစ်ခဲ့တာမို့ မဟာမြိုင်ခေါက်မုန့်နဲ့ကီးမားလို့နာမည်တွင်တဲ့ ဒီဆိုင်လေးကတော့ သက်တမ်း၁၃နှစ်ရှိပြီဖြစ်တဲ့ မြောက်ဒဂုံမြို့နယ်ရဲ့နာမည်ကျော်ခေါက်မုန့်ဆိုင်လေးပါ။ ရိုးရှင်းတဲ့မုန့်လေးတွေ ဖြစ်ပေမယ့် စေတနာနဲ့ကြိုးစားမှုတွေကြောင့် ဆယ်စုနှစ်ကျော်တဲ့အထိစားသုံးသူတွေရဲ့အားပေးမှုနဲ့ ယနေ့တိုင် ရပ်တည်နေနိုင်တဲ့ဆိုင်လေးလို့ဆိုနိုင်ပါတယ်။မဟာမြိုင်ခေါက်မုန့်ရဲ့ ပဲ့ကိုင်ရှင်အဖွားဒေါ်တင်တင်၀င်းဟာ အသက်၅၀မှခေါက်မုန့်ဆိုင်လေးစဖွင့်ပြီး ဒီမုန့်အလုပ်ကိုလုပ်ကိုင်ခဲ့တာပါ။
"အကြီးအသက်၅၀မှာ ဒီမုန့်လေးတွေစရောင်းတာ။ အရင်တုန်းက တော့ မဟာမြိုင် ဈေးထဲမှာသားငါး ရောင်းတာ အဲ့လိုရောင်းနေရင်းတွေးတာပေါ့ ငါ သားငါးရောင်းလည်း ထမင်းတစ်လုတ်၊ မုန့်ရောင်းလည်း ထမင်းတစ်လုတ်ဆိုပြီး မုန့်ရောင်းဖို့ဆုံးဖြတ်လိုက်တာ။ အကြီးစရောင်းတုန်းက မုန့်တစ်ခု၅၀နဲ့ရောင်းတာ အကြီးမုန့်ရောင်းတဲ့သက်တမ်းက ၁၃နှစ်လောက်ရှိပြီ"လို့ အဖွားဒေါ်တင်တင်ဝင်းက ပြောပါတယ်။
မိသားစုရဲ့ပင်မစီးပွားရေးအလုပ်လေးဖြစ်လာ
ဒီလိုဘဝတစ်ဆစ်ချိုးပြောင်းလဲလုပ်ကိုင်ခဲ့တဲ့ မုန့်ရောင်းတဲ့အလုပ်လေးဟာ အခုတော့ မိသားစုရဲ့အဓိက စီးပွားရေးလုပ်ငန်းလေးဖြစ်လာပါတယ်။ ဒီမုန့်လုပ်ငန်းလေးနဲ့ပဲ မိသားစုအဆင်ပြေပြေရပ်တည်နိုင်တယ်လို့ ဆိုပါတယ်။
"စစချင်းတော့ မုန့်ရောင်းတာက သားငါး ရောင်းတာလာက်ဝင်ငွေမကောင်းဘူးပေါ့ အရင်တုန်းက ကိုယ့်ဆီဈေးဝယ်တဲ့သူတွေက ကြီးကြီးဝင်းဘာရောင်းတာလဲဆိုပြီး အားပေးကြတယ်။ဝယ်စားရင်းနဲ့မှ ကိုယ့်မုန့်လေးတွေကစားကောင်းတဲ့အခါကြတော့ ရောင်းကောင်းလာပြီး ဒီအလုပ်လေးကအကျိုးပေးလာတယ်။ဒီမုန့်ကရတဲ့ဝင်ငွေနဲ့ပဲ အိမ်ငှားခ ပေးနိုင်တယ်။မြေးမလေးကိုလည်း ၁၀တန်းအောင်တဲ့အထိထားနိုင် ကိုယ်လှူချင်တာလည်းလှူနိုင်တယ်"လို့အဖွားဒေါ်တင်တင်ဝင်းကပြောပြပါတယ်။
အွန်လိုင်းပါ်အထိနာမည်ကြီးလာတဲ့ မဟာမြိုင်ခေါက်မုန့်နဲ့ကီးမား
အခုချိန်မှာတော့ အဖွားဒေါ်တင်တင်ဝင်းရဲ့ မုန့်အမွေကို မြေးမလေးကဆက်ခံပြီး အဖွားနဲ့အတူကူညီညာရောင်းချပေးတာကိုလည်းတွေ့ရပါတယ်။ခေတ်လူငယ်မြေးမလေးကအွန်လိုင်းမှာမုန့်လေးတွေတင်ရောင်းပေးတာကြောင့် မဟာမြိုင်ခါက်မုန့် နဲ့ကီးမားကို တခြားမြို့နယ်တွေကစာသုံးသူတွေကပါ နှစ်သက်စွာဝယ်ယူအားပေးကြပါတယ်။
"အခုကခါက်မုန့်လုပ်တာကို မြေးသမီးလေးက အဓိကလုပ်တာပေါ့ အကြီးကတော့ မုန့်လက်ကောက်ကြော်တာလောက်ပဲလုပ်တော့တယ်။တစ်ခါတလေသူတို့ကအိမ်မှာနေခိုင်းပေမယ့် အကြီးကကိုယ့်အလုပ်လေးလုပ်နေရရင်ပျော်တော့မနေဘူး။ အခုကြမုန့် လေးတွေကို အွန်လိုင်းနေလည်းတင်ရောင်းတော့ မြောက်ဒဂုံထဲတခြားဝေးတဲ့ရပ်ကွက်တွေရော တခြားတောင်ဥက္ကလာတို့၊သင်္ဃန်းကျွန်းတို့ ဘက်ကရောမှာစားကြတယ် အကြီးမုန့်လေးတွကို ကြိုက်ကြလို့ ကျေးဇူးတင်ပါတယ်"လို့ အဖွားဒေါ်တင်တင်ဝင်းက ကျေနပ်ပီတိဖြစ်စွာ ပြောပါတယ်။
မုန့်ဈေးနှူန်းလေးတွေနဲ့ဆိုင်လိပ်စာလေးက
မဟာမြိုင် ခေါက်မုန့်နဲ့ကီးမားဆိုင်လေးမှာတော့ ကီးမား၊ထန်းညက်ခေါက်မုန့်၊ပဲလွန်းခေါက်မုန့်၊ခေါက်မုန့်အဆိမ့်၊ကြက်ဥကီးမား၊ကြက်ဥခေါက်မုန့်၊မုန့်လက်မကောက်ကြော်၊နှမ်းကပ်ကြော်တို့ရရှိနိုင်ပါတယ်။ဈေးနှုန်းတွေကတော့ ၅၀၀ကျပ်ကနေ၁၀၀၀ အတွင်းဖြစ်ပါတယ်။
ဆိုင်လိပ်စာလေးကတော့ မြောက်ဒဂုံမြို့နယ်၊ပင်လုံလမ်းမ၊စစ်တောင်းcitymartနားမှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်နေ့လည် ၂နာရီကနေည၇နာရီဝန်းကျင်ထိဖြစ်ပါတယ်။မြောက်ဒဂုံဘက်ရောက်လို့ လမ်းကြုံတဲ့အခါမဟာမြိုင်ကီးမားနဲ့ခေါက်မုန့် ရဲ့အရသာကိုမြည်းစမ်းကြည့်ပါလို့ စကားဆိုရင်း ကြိုက်တွေ့ စေမယ့်သရေစာမုန့်လေးအဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်။