Galaxy S22 ဖုန်းထုတ်လုပ်ရေးလိုအပ်ချက်အတွက် Samsung ဟာ ဗီယက်နမ်စက်ရုံတွေပေါ် အားကိုးမှုကို လျှော့ချလာနေပါတယ်။
ကိုဗစ်ကပ်ရောဂါတွေနဲ့ Lockdown တွေကြောင့် ထုတ်လုပ်မှုအလျဉ်မီဖို့ ဈေးကွက်အနေနဲ့ စိတ်ချလို့ မရတဲ့ ဗီယက်နမ်ကနေ ခွာပြီး တောင်ကိုရီးယားနိုင်ငံ Gumi စက်ရုံမှာပဲ ထုတ်လုပ်မှုတွေ လုပ်ဖို့ ပြန်ပြောင်းရွှေ့လာတယ်လို့ ETNews သတင်းက ဖော်ပြပါတယ်။

Photo: ETNews
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ Samsung Electronics ဟာ ကုမ္ပဏီရဲ့ စမတ်ဖုန်းထုတ်လုပ်မှုအပ်ထည်ကို ဗီယက်နမ်စက်ရုံနှစ်ခုကနေ North Gyeongsang ခရိုင်က Gumi စက်ရုံကို ပြောင်းရွှေ့လာတယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းထုတ်လုပ်မှုအခြေစိုက်ကို နိုင်ငံခြားကနေ ပြည်တွင်းဘက် ပြန်ပြောင်းလာပြီးနောက် Gumi စက်ရုံဟာ ပထမဆုံးအကြိမ်အဖြစ် ထုတ်လုပ်မှုနှုန်း တိုးထုတ်လာတော့မှာပါ။
Samsung ဟာ တစ်နှစ်ကို စမတ်ဖုန်းအလုံးရေ သန်း ၃၀၀ ဝန်းကျင်လောက် ထုတ်လုပ်နေတဲ့ ကုမ္ပဏီပါ။ ထုတ်သမျှ Samsung စမတ်ဖုန်းတွေရဲ့ ၆၀% ကို ဗီယက်နမ်ရဲ့ အကြီးဆုံးစမတ်ဖုန်းစက်ရုံဖြစ်တဲ့ BắcNinhand BắcNinh မှာ ထုတ်ပါတယ်။ အိန္ဒိယက Nodia စက်ရုံဟာ တစ်နှစ်ကို Samsung ဖုန်း အလုံးရေသန်း ၁၀၀ ထုတ်လုပ်ပါတယ်။
ဒေသတွင်း လိုအပ်ချက်ပေါ် မူတည်ပြီး ဘရာဇီးနဲ့ အင်ဒိုနီးရှားက စက်ရုံတွေဟာ ထုတ်လုပ်ရေးလိုအပ်ချက်နဲ့အညီ လိုက်ထုတ်ပေးရပါတယ်။ Gumi စက်ရုံကတော့ တောင်ကိုရီးယားမှာ ရှိတဲ့ ကုမ္ပဏီရဲ့ တစ်ခုတည်းသော စမတ်ဖုန်းထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်ပြီး ထုတ်ထားတဲ့ဖုန်းတွေကို စမ်းသပ်စစ်ဆေးရတဲ့ ထုတ်လုပ်ရေးအထိန်းတာဝါတစ်ခုလို အလုပ်လုပ်တာပါ။ အထူးသဖြင့် Galaxy S နဲ့ Foldable ဖုန်းတွေလိုမျိုး Flagship ဖုန်းတွေကိုပဲ ပြည်တွင်းမှာ ဖြန့်ဖို့ ထုတ်တာ ဖြစ်ပါတယ်။
Photo: ETNews
ပြီးခဲ့တဲ့နှစ်က COVID-19 ကပ်ဘေးကြောင့်ဗီယက်နမ်အပါအဝင် ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်မှုပိုင်း ရပ်သွားခဲ့ရပြီးနောက် ပြည်ပစက်ရုံတွေက ထုတ်လုပ်မှုတွေကို ကိုရီးယားစက်ရုံတွေဆီ ပြန်ပြောင်းရွှေ့ဖို့ ဖြစ်လာတာပါ။ ပရီမီယံဖုန်းထုတ်လုပ်ရေးမှာ အရည်အသွေးကြီးကြပ်မှုနဲ့ ထုတ်လုပ်ရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေ ပိုထိရောက်စေဖို့ အခုလို ပြောင်းလဲလိုက်တာပါ။
Samsung ရဲ့ Flagship ဖုန်းသစ် Galaxy S22 စီးရီးဟာ ဒီလ ၂၅ ရက်နေ့မှာ တရားဝင်ဖြန့်ချိတော့မှာ ဖြစ်ပြီး Galaxy S22 စီးရီးထုတ်ကုန်အများစုကို Gumi စက်ရုံကနေ ထုတ်ဖို့ ရှိပါတယ်။ Gumi စက်ရုံကနေ တစ်နှစ်ကို ဖုန်းအလုံးရေဘယ်လောက်အထိ ထုတ်လုပ်နိုင်မလဲ ဆိုတာတော့ မသိရသေးပါဘူး။