ရှပ်ခရုတွေကို တုတ်ချောင်းနဲ့ သီထိုးပြီး ကင်ထားတဲ့ ရှပ်ခရုကင်ကြော်က ရန်ကုန်ရဲ့ Street Food ဆိုင်တွေမှာ တွေ့ရလေ့မရှိပါဘူး။ အဲဒီလိုမျိုး ရန်ကုန်မှာ ရှားပါးအစားအစာဖြစ်တဲ့ ရှပ်ခရုကင်အပြင် ထားဝယ်ရိုးရာမုန့်လက်သုပ်၊ မုန့်ဟင်းခါးတို့ကို ထားဝယ်အရသာစစ်စစ် ရနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Food Blogger တွေအကြား နာမည်ကြီးနေတဲ့ ထားဝယ်မုန့်လက်သုပ်နဲ့ ရှပ်ခရုကင်
ဒီဆိုင်လေးဟာဆိုရင် အခု လတ်တလောမှာ ရန်ကုန်က အစားအသောက်ချစ်သူတွေ၊ Food Blogger တွေကြားမှာ နာမည်ကြီးနေတဲ့ ဆိုင်လေးတစ်ဆိုင်ဆိုရင်လည်း မမှားပါဘူး။ စမ်းချောင်းဗဟိုလမ်းထိပ်က လှည်းလေးနဲ့ ရောင်းတဲ့ ဒီဆိုင်လေးက ထားဝယ်စာစစ်စစ်ကြိုက်သူတွေအတွက် အကြိုက်တွေ့နေတဲ့ဆိုင်လေးဖြစ်ပါတယ်။
“ ညီမတို့ ဒီဆိုင်ဖွင့်တာ တစ်နှစ်ဝန်းကျင်ရှိပါပြီ။ ထားဝယ်ကနေ လာပြီး လာဖွင့်တာပါ။ ဒီစမ်းချောင်းမှာက ထားဝယ်ဒေသခံတွေ များတယ်။ ကိုယ့်ရိုးရာအစားအစာကို ရောင်းကြည့်ချင်တယ်ဆိုတဲ့ စိတ်နဲ့ စခဲ့တာပါ” လို့ ဆိုင်ရှင် မနွယ်နီစိုးက ဆိုပါတယ်။
ထားဝယ်အရသာစစ်စစ်ဖြစ်တဲ့ မုန့်လက်သုပ်၊ မုန့်ဟင်းခါးနဲ့ ရှပ်ခရု
ဒီဆိုင်မှာ အဓိက ရနိုင်တာက ထားဝယ်ရိုးရာ မုန့်လက်သုပ်၊ ထားဝယ်မုန့်ဟင်းခါးနဲ့ ရှပ်ခရုကင်ကြော်/ သုပ် တို့ပဲ ဖြစ်ပါတယ်။ ထားဝယ်မုန့်လက်သုပ်ကတော့ ပအုန်းရည်ကို အဓိကထား အသုံးပြု ချက်တာဖြစ်ပြီး မုန့်ဟင်းခါးကတော့ ငှက်ပျောပင်ကို အဓိကထားအသုံးပြုချက်တာဖြစ်ပါတယ်။ ရှပ်ခရုကင်ကတော့ ထားဝယ်ဒေသတို့လို့ အောက်ပြည်ရွာမှာ စားကြတဲ့ပုံစံကို ရန်ကုန်ကဒေသခံတွေကို မြည်းစမ်းစေချင်တာကြောင့် ရောင်းတာလို့ ဆိုပါတယ်။
“ ညီမတို့ ရောင်းတဲ့အစားအသောက်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ထားဝယ်ကပဲ မှာတယ်။ ရှပ်ခရုဆို ရန်ကုန်က လူတွေသိပ်မသိဘူး။ အဲဒါနဲ့စမ်းရောင်းကြည့်တယ်။ အခုတော့ လူကြိုက်များလာပါပြီ” လို့ ဆိုပါတယ်။
ဆိုင်ဖွင့်ချိန်ဆို တိုးမပေါက်အောင်စည်တဲ့ဆိုင်လေး
ဒီဆိုင်လေးစဖွင့်ချိန်က တစ်နေ့ကို တစ်ပွဲမှ မရောင်းရတဲ့နေ့တွေ၊ သွန်ပစ်ခဲ့ရတဲ့နေ့တွေရှိခဲ့ပေမယ့်လည်း အခုတော့ စားသုံးသူတွေရဲ့ လက်ခံအားပေးမှုကြောင့် ဆိုင်ဖွင့်ပြီဆိုတာနဲ့ လက်မလည်အောင်စည်ကားနေပြီလို့ ဆိုပါတယ်။
“ အစကတော့ ထားဝယ်မုန့်လက်သုပ်ရောင်းဖို့မဟုတ်ဘူး။ ပင်လယ်စာအကင်တွေရောင်းဖို့ လုပ်ခဲ့တာပေါ့။ သုံးလလောက် ပင်လယ်စာအကင်ရောင်းခဲ့တယ်။ အဆင်မပြေတော့ ထားဝယ်အစားအစာကိုပြောင်းရောင်းမယ်စိတ်ကူးခဲ့တာပေါ့။ ကိုယ်စားသလိုပဲ ချက်တာကို လူတွေက ကြိုက်ကြတာဆိုတော့ ကျေနပ်တာပေါ့။ ”လို့ မနွယ်နီစိုးက ဆိုပါတယ်။
တစ်နေ့ကို ၇ သိန်းဖိုးလောက်ရောင်းရတဲ့ဆိုင်လေး
ဆိုင်လေးကို နေ့စဉ် ညနေ ၄ နာရီလောက်ကနေ ည ၇ နာရီထိဖွင့်ပြီး ဆိုင်ဖွင့်ချိန် ၃ နာရီအတွင်းမှာတင်ကို ၇ သိန်းဖိုးလောက် ရောင်းရတယ်လို့ ဆိုပါတယ်။ ထားဝယ်မုန့်လက်သုပ် တစ်ပွဲကို ၈၀၀၊ ငါးဥနဲ့ ၁၂၀၀ ကျပ်နဲ့ရောင်းချပြီး ရှပ်ခရုကင်ကတော့ တစ်ကင်ကို ၅၀၀ ကျပ်နဲ့ရောင်းချတာဖြစ်ပါတယ်။ ဒီဆိုင်မှာရနိုင်တဲ့ အဓိကအစားအစာက ထားဝယ်မုန့်လက်သုပ်၊ ထားဝယ်မုန့်ဟင်းခါး၊ သီးစုံသနပ်သုပ်၊ ရှပ်ခရုကင် / အသုပ် စတဲ့ ထားဝယ်ဒေသမှာစားကြတဲ့ပုံစံမျိုးလေးအတိုင်း ရရှိတာဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမပေါ် ဂွဈေးရှေ့ဝင်ပေါက်အနီးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ထားဝယ်အစားအစာတွေကြိုက်နှစ်သက်တဲ့အတွက် ဒီဆိုင်လေးကို တစ်ခါလောက် မြည်းစမ်းကြည့်ကြဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။