နာမည်ကျော်ကစားသမား ခေါ်ယူမှုမရှိခြင်း၊ ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်းနိမ့်ကျနေခြင်းများ ရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းပြင်ပတန်ဖိုးဟာ ပိုမိုတိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ အသင်းရဲ့ ရှယ်ယာတွေဟာ နယူးယော့ခ် စတော့အိတ်ချိန်းမှာ စံချိန်တင် မြင့်တက်မှုတွေ ရှိလာခဲ့ပြီး ရှယ်ယာတစ်ခုကို ၂၄ ဒေါ်လာအထိ ပေါက်နေခဲ့တယ်လို့ သိရပါတယ်။

ဒီလို စတော့ရှယ်ယာဈေးတွေ မြင့်တက်ခဲ့မှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တန်ဖိုးစုစုပေါင်းဟာ ဒေါ်လာ ၄ ဘီလံျအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အသင်းရဲ့ စီးအီးအို အက်ဒ်ဝုဒ်ဝက်ရဲ့ လက်ထက်မှာ မန်ယူအသင်းရဲ့ စီးပွားရေး နဲ့ ဘဏ္ဍာရေးအင်အားဟာ တိုးတက်မှုတွေ ရှိလာခဲ့ပြီး သိသိသာသာကို အကျိုးစီးပွားဖြစ်ထွန်းနေခဲ့တာ ဖြစ်ပါတယ်။

နည်းပြမော်ရင်ဟို နဲ့ ဝုဒ်ဝက်တို့ဟာ ဒီနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အချင်းများ၊ အငြင်းပွားမှုတွေ ရှိနေခဲ့ကြပြီး ဝုဒ်ဝက်အနေနဲ့ အသင်းရဲ့ လူစာရင်းအတွက် စီမံမှုတွေမှာ အားနည်းချက်တွေ ရှိနေခဲ့တယ်လို့ မော်ရင်ဟိုက ယူဆနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝုဒ်ဝက်ဟာ အသင်းအတွက် စီးပွားရေးပိုင်းဆိုင်ရာမှာ အကောင်းဆုံး စွမ်းဆောင်ပြနေတာ ဖြစ်ပါတယ်။
ဇူလိုင်လ လကုန်ပိုင်းလောက်ကတည်းက စပြီး အသင်းရဲ့ ရှယ်ယာတန်ဖိုးဟာ ၁၄ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ မန်ယူအသင်းဟာ အသင်းရဲ့ စပွန်ဆာအသစ်ဖြစ် Kohler နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့့် အမေရိကန်ဒေါ်လာ ၂၅သန်းတန်ကြေး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခြားသော စပွန်ဆာစာချုပ်အဖြစ် Chivas နဲ့လည်း စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းပိုင်းမတည်ငြိမ်မှု၊ နည်းပြနဲ့ကစားသမားတွေကြား ဆက်ဆံရေးအနည်းငယ် ပြိုကွဲနေမှု၊ ကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး နည်းပြနဲ့ အသင်းတာဝန်ရှိ သူတွေကြားမှာ မကျေလည်မှုတွေ ရှိနေခဲ့ပေမယ့် မန်ယူအသင်းရဲ့ တန်ဖိုးကတော့ ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့ပါတယ်။