• Featured

    Stay at Home မြို့နယ်(၇)ခုက စားသောက်ဆိုင်တွေ ပါဆယ်သာ ရောင်းချရတော့မယ်

မနက်ဖန် စက်တင်ဘာ ၃ ရက်ကစတင်မှာပါ။

Stay at Home အစီအစဉ် မှာ အကျုံးဝင်တဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ် (၇) မြို့နယ်က စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်ရောင်းချခွင့်မပြုတော့ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချရတော့မယ်လို့ ကြေညာလိုက်ပါတယ်။

မြို့နယ်အတွင်း ကူးစက်မှုထပ်မံမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအနေနဲ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ စုဝေးစားသောက်ခြင်းတွေကို ခွင့်မပြုဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချစေဖို့ မေတ္တာရပ်ခံအသိပေးနှိုးဆော်ထားကြောင်း သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

image

ဓာတ်ပုံ- လှိုင်မြို့နယ်အတွင်း ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ကို မြင်တွေ့ရစဉ်။

“ မနက်ဖြန် စက်တင်ဘာ (၃) ရက်ကစပြီး ကျွန်တော်တို့မြို့နယ်အတွင်းက ဆိုင်တွေမှာ ဆိုင်ထိုင်စားလို့မရတော့ပါဘူး။ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ မေတ္တာရပ်ခံထားတာပါ” လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီ ဒေါက်တာ ကျော်စွာဦးက Duwun ကိုပြောပါတယ်။

ဒါ့အပြင် ကျန်တဲ့ Stay at Home မြို့နယ်တွေအနေနဲ့လည်း သက်ဆိုင်ရာ ကိုဗစ်ကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး စားသောက်ဆိုင်တွေ၊လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့ အသီးသီးညွန်ကြားထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

“ ဗဟိုကတော့ ညွန်ကြားထားပါတယ်။ မြေပြင်ကို တရားဝင် စာမရောက်သေးပါဘူး။ ဒါပေမယ့် ကျွန်မတို့က မနက်ဖြန်ကစပြီး စားသောက်ဆိုင်တွေကို လိုက်စစ်ပြီး ရှင်းပြမှာပေါ့။ ပြီးရင်တော့ ပါဆယ်ပဲ ရောင်းဖို့ ပြောမယ်။ အခု ရပ်ကွက်တွေထဲမှာ လိုက်လံ ကြေညာထားပါတယ်” လို့ Stay at Home အစီအစဉ်မှာ ပါဝင်တဲ့ မင်္ဂလာဒုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက Duwun ကို ပြောပါတယ်။

လှိုင်မြို့နယ်မှာတော့ ပါဆယ်စနစ်နဲ့ ရောင်းချဖို့ တိုင်းအုပ်ချုပ်ရေးအဖွဲ့က ညွန်ကြားထားတာရှိပေမယ့် မြို့နယ်ရဲ့ အခြေအနေအရ လတ်တလောမှာ ပါဆယ်စနစ်နဲ့ ရောင်းချဖို့ မဖြစ်နိုင်သေးဘဲ လိုအပ်လာရင်တော့ ထပ်မံညွန်ကြားမယ်လို့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဆိုပါတယ်။

“ အရင်တုန်းက ပါဆယ်စနစ်လုပ်တုန်းက တစ်မြို့လုံးလုပ်တာပေါ့။ အခုက Stay at Home မြို့နယ်ပဲလုပ်တာဆိုတော့ ကျွန်တော့်မြို့နယ်ဆိုရင် ဘေးမှာ ကမာရွတ်နဲ့ မရမ်းကုန်းရှိတယ်လေ။ အဲဒီတော့ ပြည်သူတွေက အဲ့ဘက်မှာ သွားစားလည်းရတာပဲ။ ထိရောက်မှုနည်းတာပေါ့။ နောက်ပြီး လှိုင်တစ်မြို့နယ်တည်းမှာ စားသောက်ဆိုင်က ၁၈၀ လောက်ရှိတယ်။ ဆိုင်အလုပ်သမားတွေလည်း ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ်။ ပါဆယ်စနစ်ဆိုရင် အလုပ်သမားတွေနဲ့ မှီခိုနေတဲ့မိသားစုတွေ ထိခိုက်နိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့က တော်တော်ကြီး ချိန်ဆပြီးလုပ်နေရတယ်” လို့ ဦးအောင်ကျော်ကျော်ဦးက Duwun ကို ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း အတည်ပြုလူနာတွေထပ်မံတွေ့ရှိမှုများပြားလာခြင်း၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိတဲ့လူနာတွေ ပိုမိုများပြားလာခြင်းတို့ကြောင့်သင်္ဃန်းကျွန်းမြို့နယ်၊အင်းစိန်မြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်၊သာကေတမြို့နယ်၊လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့က ပြည်သူတွေကို အိမ်မှာပဲနေထိုင်ကြဖို့ စက်တင်ဘာ ၁ ရက်မှာ အမိန့်ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က