ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပထမအကျော့မှာ ထိုင်းကို ၂ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဗီယက်နမ်နည်းပြပတ်ဟန်ဆိုးက VAR စနစ်ကျင့်သုံးဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ လက်ရှိချန်ပီယံဆုကို ကာကွယ်ရမယ့် ဗီယက်နမ်ဟာ သွင်းဂိုးတောင်မရခဲ့ဘဲ အရေးနိမ့်ခဲ့တာဖြစ်လို့ ဒုတိယအကျော့မှာ ရုန်းကန်ရတော့မှာဖြစ်ကာ ထိုင်းကတော့ ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲက တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပြီး ဒီနှစ် ဆူဇူကီးဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲလို့တောင် ဆိုရမှာဖြစ်ပါတယ်။ ပွဲချိန်တွင်းပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့သလို နှစ်ဖက်နည်းပြနှစ်ဦးရဲ့ စိတ်လှုပ်ရှားဖွယ်ရာတက်ကြွမှုတွေကလည်း ပွဲအရှိန်ကို ပိုကြွစေခဲ့ပါတယ်။ ထိုင်းအတွက် ချာနာသစ်က ၂ဂိုးသွင်းပြီး ပင်နယ်တီမဝင်ခဲ့လို့ ဟက်ထရစ်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရကာ ဗီယက်နမ်က ပွဲပြီးခါနီးမှာ လက်ထိဘောကတဆင့် ပင်နယ်တီရရှိဖို့တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။
အဆိုပါအနေအထားနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ပတ်ဟန်ဆိုးက "ဆူဇူကီးဖလားပွဲစီစဉ်သူတွေအတွက် ကျနော့်မှာ အကြံပြုချက်တခုရှိပါတယ်၊ အကြိမ်ပေါင်းများစွာ ဒိုင်လူကြီးတွေကြောင့် ကျနော်တို့ ပြသနာတွေဖြစ်ခဲ့ရပါတယ်၊ ဒီနေ့ခေတ်မှာဆိုရင် ပြိုင်ပွဲကြီးတွေမှာပါ VAR ကို အသုံးပြုနေပါပြီ၊ ဆူဇူကီးပြိုင်ပွဲမှာလည်း ဒါကို အသုံးပြုသင့်တယ်လို့ ကျနော်ထင်တယ်၊ ဘာလို့လဲဆိုတော့ ပွဲပြီးတိုင်း ဒိုင်လူကြီးတွေကို မေးတဲ့အခါတိုင်းမှာ ဘယ်လိုဖြေရမှန်းမသိဘူး၊ အရမ်းခက်တယ်"
"ဒီပြိုင်ပွဲက စပွန်ဆာတွေပိုရလာပြီး ပိုမိုကောင်းမွန်လာပါတယ်၊ ဒါကြောင့် နောက်လာမယ့် ပြိုင်ပွဲမှာဆိုရင် VAR ကို အသုံးပြုကိုပြုရပါမယ်၊ ဒါက အသင်းတိုင်းအတွက် တရားမျှတမှုရှိစေမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ဗီယက်နမ်အတွက်တော့ ဒီရှုံးပွဲဟာ ၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံအသင်းတွေကို အရေးနိမ့်မှုလည်း ဖြစ်လာခဲ့ပြီး ချန်ပီယံဘွဲ့ကာကွယ်ဖို့ တော်တော်ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။