ဆူဇူကီးဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် စင်ကာပူနဲ့အင်ဒိုနီးရှားတို့ ယှဥ်ပြိုင်ကစားခဲ့ရာမှာ တဖက်တဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ စင်ကာပူက အိမ်ရှင်ဖြစ်ခဲ့ပေမယ့် ကစားအားကောင်းတဲ့ အင်ဒိုနီးရှားကြောင့် ရုန်းကန်ခဲ့ရပါတယ်။

အုပ်စုတွင်းမှာတည်းက အထင်ကြီးလေးစားစရာ ခြေစွမ်းကို ပြသခဲ့ပြီး နောက်ဆုံးပွဲမှာလည်း မလေးရှားကို ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ယုံကြည်မှုအမြင့်ဆုံးကို ရောက်ရှိနေပြီး ကစားပုံတော်တော်လေး ကောင်းမွန်ခဲ့တာပါ။ စင်ကာပူက အိမ်ရှင်အားနဲ့ ဖိဖို့ ကြိုးစားခဲ့ပေမယ့် အင်ဒိုနီးရှားရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေကို အထူးသတိထားခဲ့ရပါတယ်။

အင်ဒိုနီးရှားရဲ့ ခံစစ်ကနေ တိုက်စစ်ကူးပြောင်းမှုတွေက မြိုင်ဆိုင်ခဲ့ပြီး ဒါကို စင်ကာပူနောက်တန်း တော်တော်လေး ထိန်းချုပ်ရခက်ခဲ့ပါတယ်။ အင်ဒိုနီးရှားအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာတင် ဆူလေမန်က လှပတဲ့ တွဲလုံးကတဆင့် အဆုံးသတ် ပိတ်သွင်းခဲ့ပါတယ်။
အင်ဒိုနီးရှားတို့ ဦးဆောင်ဂိုးရပြီးနောက် မကြာခင်မှာပဲ နောက်ထပ်ဂိုးရနိုင်ခြေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ စင်ကာပူကတော့ ချေပဂိုးရဖို့ ပြန်လည်ဖိအားပေးခဲ့ပေမယ့် တိုက်စစ်က ထိရောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခြင်းမရှိတာကြောင့် ပထမပိုင်းမှာ အင်ဒိုနီးရှားကပဲ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အင်ဒိုနီးရှားက ခံစစ်ကို သတိပိုထားခဲ့ပြီး စင်ကာပူတို့ ချေပဂိုးရဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့် စိတ်လွတ်လက်လွတ် ဖိအားပေးနိုင်တာမျိုးမဟုတ်ဘဲ အင်ဒိုနီးရှားရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း သတိထားရပါသေးတယ်။
ဒါပေမယ့်လည်း စင်ကာပူတို့ ပွဲကစားချိန် (၆၉) မိနစ်မှာတော့ မထင်မှတ်ဘဲ ချေပဂိုးပြန်ရခဲ့ပါတယ်။ စင်ကာပူက ဖန်ဒီ အင်ဒိုနီးရှားနောက်တန်းရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့တယောက်ချင်း အတွေ့မှာ ကန်သွင်းယူခဲ့တာပါ။
ချက်ချင်းဆိုသလိုပဲ စင်ကာပူတို့ ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် စင်ကာပူတို့ နစ်နာခဲ့ရပါတယ်။ ပွဲပြီးခါနီး မိနစ်တွေမှာတော့ အင်ဒိုနီးရှားက ပိုမိုဖိအားပေးနိုင်ခဲ့ပြီး စင်ကာပူကတော့ ခံစစ်ကို အဓိကအားပြုကစားခဲ့ကာ တဖက်တဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒုတိယအကျော့ကိုတော့ လာမယ့် စနေ (ဒီဇင်ဘာ ၂၅) မှာ ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အခြားသော ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ဗီယက်နမ်နဲ့ထိုင်းတို့ကတော့ မနက်ဖြန်ည (၇) နာရီမှာ ယှဥ်ပြိုင်ကစားကြမှာပါ။