spam အကောင့်ကိစ္စမှာ Twitter ပြောတာ မှန်မမှန် သိရဖို့ အီလွန်မတ်အတွက် အခွင့်အရေးတစ်ခု ရရှိလာပါပြီ။
ဒီလာဝဲလ်တရားသူကြီး ကတ်သလင်း မက်စ်ကော်မစ်ခ်ဟာ ကုမ္ပဏီရဲ့ပလက်ဖောင်းပေါ်က အကောင့်တုနဲ့ Bot အကောင့်တွေကို ဘယ်လိုတွက်ချက်မှုလုပ်သလဲဆိုတာနဲ့ ပတ်သက်ပြီး အီလွန်မတ်စ်ကို သတင်းအချက်အလက်တချို့ လွှဲပြောင်းပေးဖို့ Twitter ကို အမိန့်ချလိုက်တယ်လို့ Financial Times သတင်းက ဖော်ပြပါတယ်။ အီလွန်မတ်စ်ဟာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက Twitter ပုံမှန်အသုံးပြုသူ Active Users စာရင်းစစ်ချိန်မှာ သုံးသွားတဲ့ Twitter အချက်အလက်တွေထဲ ဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

တရားသူကြီး မက်စ်ကောမစ်ခ်က ၂၀၂၁ စတုတ္ထသုံးလပတ်အတွင်းက သုံးသပ်ခဲ့တဲ့ Twitter သုံးစွဲသူစာရင်းထဲက အကောင့် ၉၀၀၀ ခန့်ရဲ့ အချက်အလက်တွေ အီလွန်မတ်စ်ကို ထုတ်ပေးဖို့ Twitter ကို ညွှန်ကြားထားတာပါ။ "Twitter ဘက်က ဒီအကောင့် ၉၀၀၀ ကို သုံးသပ်စစ်ဆေးဖို့ ဘယ်လိုရွေးချယ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့အထောက်အထားတွေ ထုတ်ပေးရပါမယ်" လို့ မက်စ်ကောမစ်ခ်က သူမရဲ့ စီရင်ချက်မှာ ပြောထားပါတယ်။ ဒီအချက်အလက်တွေထဲမှာ Twitter ရဲ့ ဝင်ငွေရှာဖွေနိုင်တဲ့ နေ့စဉ်ပုံမှန်တက်ကြွအသုံးပြုသူ mDAU တွက်ချက်မှုအပြင် အသုံးပြုသူတွေနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ကိန်းဂဏန်းဆိုင်ရာ သုံးသပ်ချက်တွေ ၊ ကုမ္ပဏီအတွင်း ဆွေးနွေးမှုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေပါ မျှဝေပေးရမှာပါ။
"သမိုင်းဝင် လျှပ်တပြက်အခိုက်အတန့်များ" လို့ Twitter က ပြောထားတဲ့ ကုမ္ပဏီတွင်းဆွေးနွေးမှုတွေဟာ ကုမ္ပဏီရဲ့ အကောင့်တွေပေါ် ဘယ်လိုသုံးသပ်စိစစ်သွားသလဲဆိုတဲ့အချက်အလက်တွေ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Twitter ပြောတဲ့ "သမိုင်းဝင် လျှပ်တပြက်အခိုက်အတန့်တွေ" ဟာ အခုချိန်မှာ မရှိတော့ဘဲ ပျက်သွားပြီ ဖြစ်လို့ ဒါတွေ ပြန်တည်ဆောက်ဖို့ ၂ ပတ်ကြာ အချိန်ယူရမယ်လို့ ကုမ္ပဏီက ခုခံပြောဆိုထားပါတယ်။ မက်စ်ကောမစ်ခ်ဟာ အီလွန်မတ်စ်ရဲ့ ရှေ့နေအဖွဲ့ကို အချက်အလက်တွေ ပေးဖို့ Twitter ကို နှစ်ပတ်အချိန်ပေးထားပါတယ်။
အီလွန်မတ်စ်တို့ အဖွဲ့ကတော့ တရားသူကြီးကို သုံးနှစ်နီးပါးအကြာ နေ့တိုင်း mDAU တွက်ချက်မှုပါတဲ့ Twitter အကောင့်သန်း ၂၀၀ နီးပါးရဲ့ အချက်အလက်အားလုံးကို တောင်းဆိုထားတာပါ။ ဒါကိုတော့ ယုတ္တိမရှိအောင် များလွန်းတဲ့အချက်အလက်တွေ တောင်းဆိုတယ်ဆိုပြီး တရားသူကြီးက ပယ်ချထားပါတယ်။ အဲလက် စပိုင်ရိုဦးဆောင်တဲ့ အီလွန်မတ်စ်ရဲ့ ရှေ့နေတွေအနေနဲ့ တရားရုံးက ခွင့်ပြုတဲ့ အချက်အလက်တွေကိုပဲ စိစစ်သုံးသပ်ပြီး အကောင့်တုအရေအတွက်ဟာ Twitter ပြောသလို mDAU ရဲ့ ၅% အောက် ဟုတ်မဟုတ်ဆိုတာကို လေ့လာဆန်းစစ်တော့မှာ ဖြစ်ပါတယ်။
Twitter နဲ့ အီလွန်မတ်စ်တို့ဟာ ဒေါ်လာ ၄၄ ဘီလျံတန် ကုမ္ပဏီအရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေကြတာပါ။ ဧပြလထဲမှာ ရှယ်ယာတစ်စု ၅၄.၂၀ ဒေါ်လာနှုန်းထားပြီး ဒေါ်လာ ၄၄ ဘီလျံကျော်နဲ့ Twitter ကို ပေးဝယ်မယ်ဆိုပြီး ကမ်းလှမ်းခဲ့တဲ့ အီလွန်မတ်စ်ဟာ နောက်ပိုင်းမှာ လုပ်ငန်းဝယ်ဖို့ သဘောတူညီချက်ကို တစ်ဖက်သတ်ဖျက်သိမ်းခဲ့ပါတယ်။ Twitter ဟာ ပလက်ဖောင်းပေါ်က Bots အကောင့်အရေအတွက် အမှန် မပြောဘဲ လိမ်ညာခဲ့တယ်လို့ အီလွန်မတ်စ်က စွပ်စွဲခဲ့ပြီး အကောင့်တုအရေအတွက်ဟာ ၅% ထက်မက များနိုင်တယ်လို့ ပြောခဲ့ပါတယ်။
Twitter လုံခြုံရေးအကြီးအကဲတစ်ဦးဖြစ်တဲ့ ပိုက်တာ ဇတ်ကိုရဲ့ Twitter ကုမ္ပဏီအတွင်းက အရှုပ်အထွေးတွေအကြောင်း ပြောကြားမှု ထွက်ပေါ်လာပြီးနောက် ဗုဒ္ဓဟူးနေ့မှာ တရားသူကြီး မက်စ်ကောမစ်ခ်က အချက်အလက်တချို့ ထုတ်ပေးဖို့ Twitter ကို အမိန့်ချလိုက်တာပါ။ The Washington Post က ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ Twitter ဟာ လုံခြုံရေးနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် Privacy ဆိုင်ရာ အားနည်းချက်တွေနဲ့ ပြည့်နေပြီး အမှုဆောင်အရာရှိတွေဟာ အီလွန်မတ်စ်နဲ့အများပြည်သူကို ပလက်ဖောင်းပေါ်က အကောင့်တုတွေ ၊ Spam အကောင့်တွေအကြောင်း တိကျတဲ့ အချက်အလက်တွေကိစ္စမှာ လိမ်လည်ဖျားယောင်းထားတယ်လို့ ဇတ်တိုက စွပ်စွဲထားပါတယ်။
Twitter ကတော့ ဇတ်တိုရဲ့ ပြောကြားချက်တွေကို ချက်ချင်းပယ်ချထားပါတယ်။ အခုတော့ အီလွန်မတ်ရဲ့ ရှေ့နေအဖွဲ့ဟာ Twitter ဆီက အချက်အလက်တွေကို ရယူပြီး ကိုယ်တိုင် အကောင့်တုအရေအတွက်ကိစ္စ တိုင်းတာမှုတွေ လုပ်တော့မှာ ဖြစ်ပါတယ်။ အမှုကိုတော့ အောက်တိုဘာလထဲမှာ စီရင်ချက်ချဖို့ ရှိပါတယ်။