Twitter လူမှုကွန်ရက်ကုမ္ပဏီဟာ ဝန်ထမ်းတွေအတွက် ဘောနပ်စ်ကို နှစ်အစမှာ မျှော်လင့်ထားတာထက် တစ်ဝက်လောက်ပဲ ရဖို့ရှိတယ်လို့ သတိပေးလိုက်ပါတယ်။
Twitter ကုမ္ပဏီအနေနဲ့ အီလွန်မတ်စ်နဲ့ ဒေါ်လာ ၄၄ ဘီလျံတန် လုပ်ငန်းအရောင်းအဝယ်ကိစ္စ မသေချာမှုကြုံတွေ့နေရသလို သုံးလပတ်ဝင်ငွေကျဆင်းမှုတွေကလည်း ဝန်ထမ်းတွေအတွက် ဆုကြေးဘောနပ်စ်ရမယ့်ကိစ္စပေါ် သက်ရောက်မှု ရှိလာတာပါ။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးစွမ်းဆောင်ရည်အခြေအနေအရ Twitter ဟာ အရင်မှန်းထားတာထက် ဝန်ထမ်းဆုကြေးကို ၅၀% ပဲ ပေးဖို့ စီစဉ်ထားတယ်လို့ CNN Business ကို အတည်ပြုပါတယ်။

ဆုကြေးတွေ လျှော့ပေးရတဲ့ အကြောင်းရင်းက စီးပွားရေးကျဆင်းမှုရဲ့ ဂယက်အပြင် ဘီလျံနာအီလွန်မတ်စ်နဲ့ လုပ်ငန်းအရောင်းအဝယ် လုပ်ထားတဲ့ ကိစ္စရဲ့ မသေချာမှုကလည်း ဇန်နဝါရီလထဲမှာ ရည်ရွယ်ထားတဲ့ ဘောနပ်စ်အစီအစဉ်ကို အပြောင်းအလဲဖြစ်စေခဲ့တာပါ။ Twitter ဘဏ္ဍာရေးအရာရှိချုပ် နက်ဒ် ဆီဂယ်လ်ရဲ့ ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးမေးလ်မှာလည်း ဘောနပ်စ်ကြေး လျှော့ချမယ့်အကြောင်းကို ပြောထားပါတယ်။
Twitter မှာ ဝန်ထမ်းပေါင်း ၇၅၀၀ ကျော် ခန့်အပ်ထားပြီး စီးပွားရေးအကြပ်အတည်းအကြားမှာ ကုန်ကျစရိတ်လျှော့ချတာတွေ ၊ ဝန်ထမ်းသစ် ခန့်အပ်မှု လျှော့တာတွေပါ လုပ်ဆောင်လာနေပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာပဲ Twitter ဟာ ဝန်ထမ်းသစ်ခေါ်ယူရေးပိုင်း တာဝန်ယူထားတဲ့ Team ရဲ့ ၃၀% ခန့်ကို လူလျှော့ခဲ့တာကြောင့် လူ ၁၀၀ နီးပါး အလုပ်အကိုင်ပျောက်ဆုံးခဲ့ပါတယ်။ အမြတ်အစွန်းသိပ်မထွက်တဲ့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုအနေနဲ့ မသေချာတဲ့ စီးပွားရေးကာလတစ်ခုကို ဖြတ်ကျော်ဖို့ လူလျှော့ရတဲ့ ကိစ္စတွေ လုပ်လာရတာ ဖြစ်ပါတယ်။
Twitter ဟာ ပြီးခဲ့တဲ့လထဲမှာ ဒုတိယသုံးလပတ် ဝင်ငွေရလဒ်ရှင်းတမ်းတစ်ခု ထုတ်ပြန်ခဲ့ပြီး သုံးလပတ်ဝင်ငွေဟာ ဒေါ်လာ ၁.၁၈ ဘီလျံ ရခဲ့တာကြောင့် အရင်နှစ်ကာလတူ ဝင်ငွေ ဒေါ်လာ ၁.၁၉ ဘီလျံထက် ၁% ကျဆင်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၀ ကစလို့ ပထမဆုံးအကြိမ် ဝင်ငွေကျဆင်းမှုနဲ့ ကြုံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝင်ငွေကျဆင်းတဲ့အပြင် အသားတင် အရှုံးပါ ပေါ်ခဲ့တာ ဖြစ်ပါတယ်။ Twitter အတွက် ဝင်ငွေအများဆုံးရစေတဲ့ ကြော်ငြာရှင်တွေကလည်း ယူကရိန်းကိစ္စကြောင့် စီးပွားရေးစိုးရိမ်မှုနဲ့ အီလွန်မတ်စ်ရဲ့ ကုမ္ပဏီဝယ်မယ့်ကိစ္စနဲ့ အဆက် လုပ်ငန်းအနာဂါတ် မသေချာမှုတွေကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးတစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က ဧပြီလထဲမှာ Twitter ကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်သဘောတူညီမှု ရခဲ့ပေမယ့် Spam နဲ့ Bot အကောင့်ကိစ္စ အကြောင်းပြုပြီး အရောင်းအဝယ်ကို ဖျက်သိမ်းခဲ့တာကနေ Twitter က အီလွန်မတ်စ်ကို တရားစွဲထားပါတယ်။ Twitter ဟာ ကုမ္ပဏီအရောင်းအဝယ်ကိစ္စ ပြီးပြတ်နိုင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ဒီလာဝဲလ်တရားရုံးမှာ တရားရင်ဆိုင်ထားတာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလထဲမှာ နှစ်ဖက် တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေဟာ မရေရာတဲ့ စီးပွားရေးကာလတစ်ခုကို ရင်ဆိုင်ဖို့ ဝန်ထမ်းအင်အားလျှော့ချမှုတွေ လုပ်ဆောင်လာနေပါတယ်။ Social Media ကုမ္ပဏီတွေထဲက Snap နဲ့ Meta တို့လို Twitter ရဲ့ ပြိုင်ဘက်တွေလည်း စီးပွားရေးအခြေအနေကသောင်းကနင်းအခြေအနေကို ကိုင်တွယ်ဖို့ အစီအစဉ်တွေ ပြင်ဆင်နေပြီး Meta CEO မတ်ခ်ဇူကာဘတ်ကဆို ဝန်ထမ်းတွေအနေနဲ့ လူအင်အားနည်းနည်းနဲ့ အလုပ်ပိုလုပ်ဖို့ ပြင်ဆင်ထားဖို့ ပြီးခဲ့တဲ့တစ်ပတ်က ပြောကြားခဲ့ပါတယ်။ ခန့်မှန်းခြေအရ ပြီးခဲ့တဲ့ ၂ လအတွင်း နည်းပညာဝန်ထမ်း ၃ သောင်းကျော် အလုပ်ဖြုတ်ခံခဲ့ရဖို့ ရှိပါတယ်။