ယူနိုက်တက်ကနေ ဒေါ့မွန်ကို အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆန်ချိုဟာ လက်ရှိမှာတော့ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ ယူနိုက်တက်က သူ့ကို ရောင်းချဖို့ ပြင်ဆင်ထားသည့်တိုင် ဆန်ချိုက ယူနိုက်တက်မှာ ပြန်ကစားဖို့ အခွင့်အရေးရှိနေဆဲပါ။

ဒေါ့မွန်ကလည်း ဆန်ချိုကို ခေါ်ယူလိုပေမယ့် ယူနိုက်တက်ဘက်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးအရ ခေါ်ယူနိုင်ဖို့ ခက်ခဲနေပါတယ်။ ဆန်ချိုကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ ပြန်ကစားလိုပေမယ့် တန်ဟက်ခ် မရှိမှပဲ ယူနိုက်တက်ကို ပြန်မယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်တာဝန်ရှိသူတွေက တန်ဟက်ခ်နဲ့ ပတ်သက်လို့ ဆက်ထား၊ မထားကို စဉ်းစားဆုံးဖြတ်နေကြဆဲပါ။ တကယ်လို့ တန်ဟက်ခ်ကိုသာ ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ်ကို ခန့်အပ်ခဲ့မယ်ဆိုရင် ဆန်ချိုက အဆိုပါ နည်းပြသစ်လက်ထက်မှာ ယူနိုက်တက်အတွက် ပြန်ကစားပေးဖွယ်ရှိပါတယ်။
ဒါပေမယ့်လည်း လက်ရှိ အနေအထားတွေအရ တန်ဟက်ခ် ယူနိုက်တက်မှာ ဆက်ရှိနေဖို့ အခွင့်အလမ်း များပြားနေပါတယ်။ အဲ့ဒါကြောင့်လည်း ဆန်ချိုတစ်ယောက် ယူနိုက်တက်ကို ပြန်လာဖြစ်ဖို့က အခွင့်အလမ်းနည်းပါးနေပါတယ်။
ယူနိုက်တက်နဲ့ တန်ဟက်ခ်ဘက်ကလည်း ဆန်ချိုကို အပြီးသတ် ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ကမ်းလှမ်းမှုတွေအတွက် တံခါးဖွင့်ထားပေးပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်ကနေ ထွက်သွားပြီးနောက်ပိုင်း ဒေါ့မွန်မှာ ပုံမှန်ခြေစွမ်းပြသလျက်ရှိပါတယ်။