တောင်ဥက္ကလာမြို့နယ် မှာ ဒီနေ့ည ပိုင်းက ယာဥ်တိုက်မှု ၂ မှုဖြစ်ပွားခဲ့တယ် လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ပရဟိတအသင်းတွေဆီက သိရပါတယ်။
ဒီနေ့ ည ၇ နာရီကျော်လောက်က မိုးဆွေကားမှတ်တိုင်အနီး ယာဥ်တိုက်မှုမှာတော့ ယာဥ်မောင်းထွက် ပြေးသွားခဲ့ပြီးတော့ အမျိုးသားနှစ်ယောက်ဒဏ်ရာရ ကာ တစ်ယောက်ကတော့ စိုးရိမ်ရတယ် လို့ သွားရောက်ကူညီခဲ့တဲ့ မျှဝေခံစားတွဲလက်များပရဟိတအသင်း က အမှုဆောင် ကိုရန်နိုင်ထွန်း ကပြောပါတယ်။
"စက်ဘီးကို အနောက်က နေဝင်တိုက်သွားတာ မြင်တဲ့သူတွေကတော့ပြောတယ် ပြိုင်ကားလိုပဲ၊ Mark II လို့လည်းပြောတယ်။ အရှိန်နဲ့တိုက်တာ။ ပြီးတော့ ထွက်ပြေးသွားတယ်။ အခုတော့ လူနာတွေကို မြောက်ဥက္ကလာဆေးရုံကိုပို့ထားတယ် " လို့ ကိုရန်နိုင်ထွန်း ကပြောပါတယ်။
ဓာတ်ပုံ - မျှဝေခံစားတွဲလက်များပရဟိတအသင်း
ဒါ့ပြင် ဒီနေ့ ည ၇ နာရီကျော်မှာပဲ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းပေါ် မှာ ဒိုင်နာကားတစ်စီးက လမ်းဘေးစျေးသည်တွေကို ဝင်တိုက်ခဲ့တယ် လို့ ဒေသခံတွေဆီ က သိရပါတယ်။
"ယာဥ်မောင်းကထွက်ပြေးသွားတယ်။ မြင်တဲ့လူတွေကတော့ ဘရိတ်ပေါက်ပြီးဝင်တိုက်တာလို့တော့ပြောကြတယ်။ လူကတော့ သုံးယောက်လောက်ထိတယ်။ လမ်းဘေးစျေးဆိုင်သုံးဆိုင်လောက် ထိခိုက်တာပါ။ ကြက်သားသုပ်ဆိုင်။ ပဲပြုတ်ဆိုင်နဲ့ အမဲရွတ်ရောင်းတဲ့ဆိုင်တွေပါ " လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်း ဥက္ကဌ ကိုအောင်မြင့်မြတ် ကပြောပါတယ်။
အဲဒီယာဥ်တိုက်မှုမှာတော့ လူနှစ်ယောက်(မစိုးရိမ်ရ) ထိခိုက်ခဲ့ပြီး မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ် လို့လည်း မေတ္တာသီတာရေစင်ပရဟိတအသင်း ဆီက သိရပါတယ်။
အလွတ်တန်းသတင်းထောက် ပိုင်ထက်ပေးပို့သော သတင်းဖြစ်ပါသည်။