နိုင်ငံမှာ တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေစဥ် ယခုသီတင်းပတ်အတွင်း အားလပ်ရက်ယူပြီး အမေရိကန် ဟာဝိုင်အီကျွန်းကို အပန်းဖြေခရီးထွက်ခဲ့မှုအတွက် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြည်သူကိုတောင်ပန်းခဲ့ပါတယ်။

(ဝန်ကြီးချုပ်မော်ရစ်ဆင်ကို ဆန္ဒပြမှု) (Photo: Getty Images)
လတ်တလော ရက်ပိုင်းအတွင်း အပူဆုံးနေ့ စံချိန်သစ်တင်မှု နှစ်ကြိမ်ကြုံခဲ့ရတဲ့ ဩစတြေးလျမှာ အပူချိန်မြင့်တက်မှုတွေကြောင့် တောမီးလောင်မှုအခြေအနေ ပိုမိုးဆိုးရွားခဲ့ပါတယ်။ မော်ရစ်ဆင်က ခွင့်ယူထားမှုကို စောလျင်စွာ အဆုံးသတ်ပြီး ရုံးပြန်ထိုင်တော့မယ်လို့ ဆိုပါတယ်။
"ဒီလိုအချိန်မှာ ကျွန်တော်က ခွင့်ယူပြီး မိသားစုနဲ့အတူရှိနေခဲ့တာက အလွန်ဆိုးရွားတဲ့ တောမီးလောင်မှု ကြုံနေရသူ ဩစတြေးလျနိုင်ငံသား အများအပြားကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တာအတွက် ကျွန်တော် အလေးအနက် နောင်တရ ဝမ်းနည်းမိပါတယ်" လို့ ဝန်ကြီးချုပ်က ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) ပြောပါတယ်။
(ကားမတော်တဆမှုအတွင်း သေဆုံးခဲ့သည့် မီးသတ်သမားနှစ်ဦး) (Photo: NSW RFS)
တောမီးလောင်မှုတွေ ဆိုးရွားနေတဲ့ ယခုသီတင်းပတ်အတွင်း ဝန်ကြီးချုပ်မော်ရစ်ဆင် နိုင်ငံမှာမရှိခြင်းအပေါ် ရှုတ်ချမှုတွေနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။ လူ ၇၀,၀၀၀ က မော်ရစ်ဆင်ကို ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ပစ်ရန် တောင်းဆိုခဲ့ကြပါတယ်။ ထိုအတောအတွင်း ဆစ်ဒနီမြို့အနီး ကြီးမားတဲ့ တောမီးလောင်မှုကို ကူညီငြှိမ်းသတ်နေတဲ့ စေတနာ့ဝန်ထမ်း မီးသတ်သမားနှစ်ဦးဟာ ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) က ၎င်းတို့ရဲ့ကား သစ်ပင်ကိုဝင်တိုက်ခဲ့မိတဲ့ မတော်တဆမှုကြောင့် သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကြောင့် မကြုံစဖူး တောမီးလောင်မှုတွေ ပိုမိုပြင်းထန်ဆိုးရွားလာမှုကြောင့် ခုနစ်ရက်ကြာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားပါတယ်။ NSW ပြည်နယ်အတွင်း မီးလောင်မှု ၁၀၀ ခန့် ဖြစ်ပွားနေခဲ့မှုဟာ သီတင်းပတ်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး မီးလောင်မှုအရေအတွက် ထက်ဝက်ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
(ဩစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်) (Photo: Daniel Pockett/Getty Images)
ဆစ်ဒနီမြို့အနီးမှာလည်း တောမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားနေခဲ့ပြီး ကျန်းမာရေးအန္တရာယ်ရှိတဲ့ မီးခိုးများက တစ်မြို့လုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။ ဩစတြေးလျတောမီးလောင်မှုကို အမေရိကန်နဲ့ ကနေဒါတို့မှအဖွဲ့များ၊ ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့မှ စစ်သည်များရဲ့ အကူအညီနဲ့အတူ မီးသတ်သမား ၂,၀၀၀ က ကြိုးပမ်းငြှိမ်းသတ်နေကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
ဩစတြေးလျနိုင်ငံတစ်ဝှမ်း အနည်းဆုံး မြေဧက ၇.၄ သန်းမှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး ယနေ့အထိ လူရှစ်ဦး သေဆုံးခဲ့ကာ နေအိမ် ၈၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။
(အကြီးအကျယ် လောင်ကျွမ်းနေသည့် ဩစတြေးလျတောမီး) (Photo: Sky News)
ဩစတြေးလျမှာ သုံးရက်အတွင်း အပူဆုံးနေ့အဖြစ် နောက်ထပ် စံချိန်သစ်တင်မှုကို ဒီဇင်ဘာ ၁၉ ရက်နေ့က ကြုံတွေ့ခဲ့ရပြီး ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၄၁.၉ ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့က ဩစတြေးလျမှာ အပူဆုံးနေ့အဖြစ် နောက်ဆုံးစံချိန်တင်ထားခဲ့ပြီး အပူချိန် ၄၀.၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ထိုနေ့မတိုင်မီ ဩစတြေးလျရဲ့ အပူဆုံးနေ့အဖြစ် စံချိန်တင်ထားခဲ့မှုဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ကဖြစ်ပြီး ထိုစဥ်က အပူချိန်ဟာ ၄၀.၃ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ဖူးကြောင်း သိရပါတယ်။