ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကြောင့် မကြုံစဖူး တောမီးလောင်မှုတွေ ပိုမိုပြင်းထန်ဆိုးရွားလာပြီးနောက် အာဏာပိုင်တွေက အဆိုပါပြည်နယ်ကို ခုနစ်ရက်ကြာ အရေးပေါ်အခြေအနေ ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(Photo: AFP)
New South Wales (NSW) ပြည်နယ်အတွင်း မီးလောင်မှု ၁၀၀ ခန့် ဖြစ်ပွားနေခဲ့မှုဟာ သီတင်းပတ်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး မီးလောင်မှုအရေအတွက် ထက်ဝက်ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဆစ်ဒနီမြို့အနီးမှာလည်း တောမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားနေခဲ့ပြီး ကျန်းမာရေးအန္တရာယ်ရှိတဲ့ မီးခိုးများက တစ်မြို့လုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။
NSW ပြည်နယ်ဝန်ကြီးချုပ် Gladys Berejiklian က ပြည်နယ်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီး ထိုသို့ ကြေညာရမှုဟာ စက်တင်ဘာလမှာ တောမီးလောင်မှုရာသီ စတင်ခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ်လည်း ဖြစ်လာပါတယ်။ အပူချိန် အလွန်အမင်း မြင့်တက်နေတဲ့ ရာသီဥတုအခြေအနေက ဩစတြေးလျ တောမီးလောင်မှုကို ပိုမိုပြင်းထန်ဆိုးရွားလာစေခဲ့ပါတယ်။
(Photo: AFP)
ဩစတြေးလျမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က ပျမ်းမျှအပူချိန် ၄၀.၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ပြီး အပူဆုံးနေ့အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) အပူချိန်တွေဟာ ဆစ်ဒနီအလယ်ပိုင်းမှာ ၄၁ ဒီဂရီဆဲလ်စီးယပ်နဲ့ အနောက်ဘက် ဆင်ခြေဖုံးဒေသတွေမှာ ၄၅ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လေတိုက်နှုန်းဟာလည်း ယနေ့ မွန်းလွဲပိုင်းအချိန်တွေမှာ တစ်နာရီလျှင် မိုင် ၆၀ အထိ ပြင်းထန်လာနိုင်ပြီး တောမီးလောင်မှုကို ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဆိုပါတယ်။ ဩစတြေးလျတောမီးလောင်မှုကို အမေရိကန်နဲ့ ကနေဒါတို့မှအဖွဲ့များ၊ ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့မှ စစ်သည်များရဲ့ အကူအညီနဲ့အတူ မီးသတ်သမား ၂,၀၀၀ က ကြိုးပမ်းငြှိမ်းသတ်နေကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
(Photo: luppo23/Instagram)
လတ်တလော လပိုင်းအတွင်း ဩစတြေးလျနိုင်ငံတစ်ဝှမ်း အနည်းဆုံး မြေဧက ၇.၄ သန်းမှာ တောမီးများ ကူးစက်လောင်ကျွမ်းခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့ကာ နေအိမ် ၈၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။
Source: The Guardian, AFP