အိန္ဒိယစုံတွဲတစ်တွဲဟာ ပုံရိပ်ယောင် Metaverse ထဲမှာ Harry Potter Themed ပုံစံနဲ့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားကြတယ်လို့ ဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် ဒင်းနက်ချ် ဆီဗာကူးမား ပက်ဒမာဗသီ နဲ့ သူနဲ့စေ့စပ်ထားသူ ဂျနက်ဂါနက်ဒီနီ ရမ်မာဆွာမိတို့ဟာ လာမယ့် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မင်္ဂလာဆောင်ကို အွန်လိုင်းပွဲအဖြစ် ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ တမီလ်နာဒူးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ကန့်သတ်ချက်များအတွင်း အခုလို မင်္ဂလာဆောင်ကို အွန်လိုင်းက ကျင်းပဖို့ လုပ်ထားတာ ဖြစ်ပါတယ်။

Photo: dailymail
နိုင်ငံအတွင်း ပထမဆုံး အွန်လိုင်းမင်္ဂလာဆောင်ဖြစ်လာမယ့် ဒီပွဲမှာ Virtual Reality လို့ ခေါ်တဲ့ ပုံရိပ်ယောင် Metaverse ပုံစံနဲ့ ကျင်းပသွားမှာ ဖြစ်ပြီး ပက်ဒမာဗသီဟာ Twitter နဲ့ Instagram ပေါ်က သူ့ရဲ့ Followers တွေကို အွန်လိုင်းက မင်္ဂလာဆောင်တက်ရောက်ဖို့ ဖိတ်ထားတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ လူပေါင်း ၂၀၀၀ က တက်ရောက်မယ့်အကြောင်း အတည်ပြုထားပြီး ၅၀၀၀ လောက်က တက်ရောက်ဖြစ်ဖို့ ရှိတယ်လို့ ပြောထားကြပါတယ်။
ပက်ဒမာဗသီဟာ မဒရပ်စ်မှာ ရှိတဲ့ အိန္ဒိယနည်းပညာအင်စတီကျူ့ဒ် မှာ ပရောဂျက်တွဲတစ်ဦးအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး YouTube ပေါ်မှာ Metaverse လမ်းညွှန်ချက်တစ်ခု ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ဧည့်သည် ထောင်နဲ့ချီ တက်ရောက်မယ့် အွန်လိုင်းမင်္ဂလာဆောင်မှာ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်ခဲ့တဲ့ သတို့သမီးရဲ့ဖခင်လည်း Avatar ပုံစံနဲ့ ပါဝင်မယ်လို့ Daily Mail သတင်းက ဖော်ပြပါတယ်။
Photo: thetimes
မင်္ဂလာမောင်နှံအနေနဲ့ ရိုးရာမင်္ဂလာဆောင်ဝတ်စုံတွေ ဝတ်ဆင်သွားကြမှာ ဖြစ်ပေမယ့် ဧည့်ကြိုအခမ်းအနားက ဟယ်ရီပေါ်တာရုပ်ရှင်ထဲက Hogwarts Theme ပုံစံနဲ့ ဖြစ်မယ်လို့ ဆိုပါတယ်။ ဧည့်သည် ထောင်ဂဏန်းအရေအတွက်သာ ပုံရိပ်ယောင်မင်္ဂလာဆောင်ကို တက်ကြမယ်ဆိုရင် သူနေထိုင်ရာ ဆီဗယ်လင်ဂါပူရမ်ရွာလေးက အင်တာနက်ပြဿနာရှိနိုင်တယ်လို့လည်း ပက်ဒမာဗသီက ပြောပါတယ်။
ပက်ဒမာဗသီနဲ့ သူ့ဇနီးလောင်းတို့ဟာ အင်တာနက်မပြတ်အောင် တာဝါတိုင်ရှိတဲ့နေရာကို စကူတာတစ်စီးနဲ့ သွားပြီး ဖုန်းနဲ့ ချိတ်ဆက်ကြဖို့လည်း စီစဉ်ထားပါတယ်။