• Featured

    သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေနည်းပါးလာမှုနဲ့အတူ အလှမီးပုံးရောင်းချသူများ အရှုံးနဲ့ရင်ဆိုင်နေရ

ဝယ်သူနည်းပါးပြီး ပုံမှန်နှစ်တွေထက် ရောင်းအားထက်ဝက်ကျော် ကျဆင်းလျှက်ရှိပါတယ်။

သီတင်းကျွတ်ကာလမှာ သီတင်းကျွတ်အလှဆင်ပစ္စည်းတွေ ရောင်းချရမှုက ယခုနှစ်မှာ သိသိသာသာကျဆင်းနေတဲ့အတွက် အလှဆင်ပစ္စည်းပြုလုပ်သူတွေ၊ ရောင်းချသူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

image

ပုံမှန်ခေတ်ကာလအနေအထားမျိုးမှာဆိုရင် ဒီလိုသီတင်းကျွတ်ကာလနီးချိန်မှာ ရန်ကုန်မြို့ တရုတ်တန်းဘက်မှာ သီတင်းကျွတ်အလှဆင်ပစ္စည်းတွေကို ရောင်းချသူ၊ ဝယ်ယူသူတွေနဲ့ စည်ကားလျှက်ရှိနေပြီး ယခုနှစ်မှာတော့ ပြည်သူတွေဟာအပျော်အပါးနည်းလာကြတဲ့အတွက် ဒီအပေါ်အားပြုပြီး စီးပွါးရှာကြတဲ့သူတွေလည်း အခက်တွေ့လာကြပါတယ်။

“ ရောင်းအား အရမ်းပါးတယ်။ ဝယ်သူက မရှိတာတော့ မဟုတ်ဘူး။ ပုံမှန်နှစ်တွေလောက် မများတာပေါ့။ ဒီနှစ်မှာဆို ကုမ္ပဏီပျော်ပွဲရွှင်ပွဲအတွက် လာဝယ်တာတွေမရှိတော့ဘူး။ မိသားစု အိမ်မှာ ထွန်းဖို့လောက် လာဝယ်ကြတဲ့သူတွေပဲရှိတယ်။ ပုံမှန်နှစ်တွေဆို တစ်နှစ်ကို သိန်း (၂၀)၊ (၃၀)လောက်ရောင်းရတယ်။ အခုက ထက်ဝက်တောင်မရောင်းရသေးဘူး။ အခုတင်ထားတဲ့ ပစ္စည်းတွေကုန်ရင်တော့ မရှုံးပါဘူး။ ကျန်ရင်တော့ ရှုံးမှာပေါ့" လို့ တရုတ်တန်းမှာ သီတင်းကျွတ်အလှမီးပုံးရောင်းချတဲ့ ဒေါ်ယွန်းနီ Duwun ကို ပြောပါတယ်။

သီတင်းကျွတ်ကာလလေးမှာတော့ ငွေရှာနိုင်မယ်လို့ အားခဲပြီး ပိုက်ဆံကိုအတိုးနဲ့ချေးကာ အလှဆင်ပစ္စည်းလေးတွေ ရောင်းချခဲ့ပေမဲ့လည်း ထင်သလိုဖြစ်မလာတော့ အကြွေးပေါ် အကြွေးဆင့်လာရသူလည်း ရှိပါတယ်။

“ ရောင်းမကောင်းတာကတော့ အရင်နှစ်တွေနဲ့ တခြားစီပါပဲ။ လုံးဝကို ရောင်းအားကျသွားတာ။ အရင်းပြုတ်တာကများတယ်။ ကိုယ်ကရင်းထားပြီး ဝယ်မယ့်သူမရှိတော့ ရှုံးပြီပေါ့။ ကိုဗစ်စဖြစ်ကတည်းက ရောင်းအားမကောင်းတာ အခုဆိုပိုဆိုးတာပေါ့။ အရင်းမရှိတော့ အတိုးနဲ့ချေး ထပ်ထည့် ထပ်ထည့်နဲ့ အကြွေးပေါ် အကြွေးကဆင့်နေပြီ။ သားသမီးတွေကလည်း ကလေးအရွယ်တွေ ကိုယ်ကလည်းအကြွေးတွေနဲ့ဆိုတော့ ပူရတာပေါ့။ နေ့စဉ်စားဖို့ မငတ်ရေးအတွက်ကိုပဲ လုပ်နေရတာပေါ့” လို့ သီတင်းကျွတ်အလှမီးပုံးတွေနဲ့ အတူ ငှက်ပျောသီး‌‌တွေပါ တွဲပြီး ရောင်းချနေရတဲ့ မဇင်မာက ပြောပါတယ်။ 

လူထုအနေနဲ့လည်း စီးပွါးရေးအကြပ်အတည်းနဲ့ ရုန်းကန်နေကြရတဲ့ အခါမျိုးမှာ အပျော်အပါးတွေကိုလည်း အရင်ကလောက် မက်မောမှုတွေမရှိကြတော့ပါဘူး။

“ ဒီနှစ်သတင်းကျွတ်ကတော့ အိမ်မှာပဲ မိဘဆွေမျိုးတွေကို ကန်တော့တာနဲ့ပဲ ပြီးမှာပါ။ အခုချိန်က အရင်နှစ်တွေကလို ပျော်ဖို့လည်း မကောင်းတဲ့ အချိန်ကာလလေ။ သီတင်းကျွတ်မှာ အပျော်အပါးနဲ့ပတ်သက်ပြီးတော့လည်း ဘာအစီအစဉ်မှဆွဲထားတာမရှိဘူး။ ခေတ်ကာလကောင်းတုန်းကတော့ ဒီလိုအချိန်ဆို သူငယ်ချင်းတွေနဲ့ ဘယ်သွားမယ်၊ ဘာလုပ်မယ်တိုင်ပင်နေကြပြီ။ ခုကတော့ အားလုံးကလည်း အခက်အခဲတွေ စိတ်မကောင်းစရာတွေနဲ့ဆိုတော့ အပျော်ဆိုတာ သိပ်မရှိတော့ပါဘူး”လို့ လူငယ်တစ်ဦးကလည်း သူ့ရဲ့ ခံစားချက်ကို ပြောပြပါတယ်။ 

မပုပ်မသိုးတဲ့ ကုန်ပစ္စည်းမလို့ နောက်နှစ်အတွက် ရည်ရွယ်ပြီး စနစ်တကျသိမ်းဆည်းထားလို့ရတဲ့ ပစ္စည်းမျိုးဆိုပေမယ့် ဒီနှစ်အတွက်ကတော့ စျေးသည်တွေအနေနဲ့ အကြွေးတင်ကျန်ခဲ့ပြီပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က