ဗီယက်နမ်အမျိုးသမီးအသင်းဟာ အာရှဖလား ပလေးအော့ဖ်မှာ တရုတ်တိုင်ပေအမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် သူတို့ရဲ့သမိုင်းတလျှောက် ပထမဆုံးအနေနဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့် (၂၀၂၃) မှာ နယူးဇီလန်နဲ့ သြစတြေးလျတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။

ဗီယက်နမ်ဟာ အမျိုးသမီး အာရှဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ တောင်ကိုရီးယားနဲ့ဂျပန်တို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ မြန်မာနဲ့ နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဗီယက်နမ်အနေနဲ့ ကွာတားဖိုင်နယ်မှာ တရုတ်ကိုရှုံးနိမ့်ခဲ့ပြီး ပလေးအော့ဖ် ဆက်ကစားခဲ့ရပါတယ်။

ပလေးအော့ဖ်နှစ်ပွဲမှာတော့ ဗီယက်နမ်က ထိုင်းကို ၂-၀ ဂိုး၊ ဒီကနေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ တရုတ်တိုင်ပေနဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ အသီးသီး အနိုင်ရရှိခဲ့တာကြောင့် အခုလိုပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကစားခွင့် ရရှိသွားခဲ့တာပါ။
ဒါ့အပြင် အာဆီယံဒေသတွင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကလည်း ဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တာကြောင့် ဗီယက်နမ်နဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
ဖိလစ်ပိုင်အမျိုးသမီးအသင်းကလည်း အုပ်စုအဆင့်မှာ ထိုင်း၊ သြစတြေးလျ၊ အင်ဒိုနီးရှားတို့နဲ့ တအုပ်စုတည်းကျရောက်ခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း တရုတ်တိုင်ပေကို အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ ဒါကလည်း သူတို့အတွက် သမိုင်းတလျှောက် ပထမဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်ဟာ ဆီမီးဖိုင်နယ်မှာတော့ တောင်ကိုရီးယားကိုရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်တော့ အာဆီယံဒေသတွင်းက ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ သူတို့သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာကြောင့် နှစ်သင်းလုံးအတွက် ဂုဏ်ယူစိတ်လှုပ်ရှားဖို့ ကောင်းနေပြီဖြစ်ပါတယ်။