အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ပိုင် Social Media App ကို သမ္မတများနေ့ Apple App Store မှာ ဖြန့်ချိတော့မယ်လို့ ဆိုပါတယ်။
Reuters က မြင်တွေ့ခဲ့ရတဲ့ Test ဗားရှင်းပေါ်မှာ အမှုဆောင်တစ်ဦး ရေးထားတဲ့ ပို့စ်တွေကို ကိုးကားပြီး ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ Truth Social လူမှုကွန်ရက် app ကို ဒိတစ်ပတ်တနင်္လာနေ့မှာ ကျရောက်တဲ့ သမ္မတများနေ့ Apple App Store ပေါ် လွှင့်တင်ဖို့ စီစဉ်နေတာပါ။

"ကျွန်တော်တို့ လောလောဆယ် ဖေဖော်ဝါရီ ၂၁ ရက် တနင်္လာနေ့ Apple App Store ပေါ် ဖြန့်ချိဖို့ လုပ်နေကြပါတယ်" လို့ Truth Social ရဲ့ ထုတ်ကုန်အမှုဆောင်အရာရှိချုပ် CPO က ဆိုပါတယ်။
Twitter စတိုင်ကို ပုံတူကူးထားဖွယ်ရှိတဲ့ Truth Social ကို ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဖိတ်ခေါ်အစမ်းသုံး Invited Guests တွေကို ပေးသုံးခဲ့ပြီး စတင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒီကွန်ရက်ကို Beta Testers ဝင်သုံးသူ ၅၀၀ ဝန်းကျင် ရှိလာခဲ့တာ ဖြစ်ပါတယ်။ အစမ်းသုံး Beta Test အနေအထားကနေ App ကို Public Release ဘယ်အချိန်ထုတ်မလဲဆိုပြီး မေးရာမှာ အမှုဆောင်အရာရှိက အခုလို ဖြေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ Trump Media And Technology Group (TMTG) ရဲ့ အမှုဆောင်အရာရှိချုပ် CEO အဖြစ် လွှတ်တော်အမတ်ဟောင်း ဒါဗင်နူးနက်စ်က တာဝန်ယူထားပါတယ်။ Fox News နဲ့ အင်တာဗျူးမှာလည်း နူးနက်စ်က Truth Social App ကို ဒီတစ်ပတ်အတွင်း App Store မှာ တင်သွားမယ်လို့ ပြောခဲ့ပါတယ်။
"မတ်လအကုန်ပိုင်းဆို အနည်းဆုံး အမေရိကန်ပြည်ထောင်စုအတွင်းမှာ အပြည့်အဝလည်ပတ်ပြီး ဖြစ်နေမှာပါ" လို့ နူးနက်စ်ဆိုပါတယ်။
Truth Social ပလက်ဖောင်းသစ် ဖြန့်ချိမယ့်အကြောင်း ကြေညာခဲ့စဉ်က သမ္မတဟောင်းရဲ့ လူမှုကွန်ရက်ပလက်ဖောင်းကို Anonymous ဟက်ကာအဖွဲ့က တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး ဝမ်းလျှောနေတဲ့ ဝက်ပုံနဲ့ ကျိန်စာတိုက်ခဲ့ပါတယ်။