ရီးရဲယ်မက်ဒရစ် နောက်ခံလူ မာဆယ်လိုရဲ့ သားဖြစ်သူ အသက် (၁၂) နှစ်အရွယ် အန်ဇိုဟာ လက်ရှိ ရီးရဲယ်မက်ဒရစ်လူငယ်အသင်းမှာ ကစားလျက်ရှိပါတယ်။ ဒီကစားသမားဟာ ရီးရဲယ်မက်ဒရစ်မှာ ဖခင်ဖြစ်သူ မာဆယ်လိုရဲ့ အောင်မြင်မှုခြေရာကို ဆက်ခံနိုင်မယ်လို့ မျှော်လင့်ခံထားရပါတယ်။

ပြီးခဲ့တဲ့ သောကြာက ကစားခဲ့တဲ့ ရီးရဲယ်မက်ဒရစ် လူငယ်အသင်းနဲ့ လီဗာပူး လူငယ်အသင်းတို့ပွဲမှာတော့ ရီးရဲယ်မက်ဒရစ် လူငယ်အသင်းက ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ မာဆယ်လိုအတွက် ကျေနပ်အားရဖို့ ကောင်းစွာနဲ့ပဲ ကျောနံပါတ် (၉) ဝတ်ဆင်ထားတဲ့ သားဖြစ်သူ အန်ဇိုက ရီးရဲယ်မက်ဒရစ် လူငယ်အသင်းအတွက် နှစ်ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။
ပိုပြီး ထူးခြားတဲ့အချက်တချက်ရှိပါသေးတယ်။ ဒီပွဲမှာ အန်ဇိုက ဂိုးသွင်းယူပြီးနောက် သူ့အဖေသူငယ်ချင်း ရော်နယ်ဒိရဲ့ နာမည်ကျော် အောင်ပွဲခံဟန်အတိုင်း လိုက်လံအောင်ပွဲခံခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ အန်ဇိုဟာ ရော်နယ်ဒိုရဲ့ ကိုယ်ပိုင် အမှတ်အသားလို့ ပြောရမယ့် Siu ဆိုတဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံခဲ့တာပါ။
ဒီပွဲကို မာဆယ်လိုကလည်း ကိုယ်တိုင်ကိုယ်ကျ ကွင်းထဲ လာရောက်ကြည့်ရှုခဲ့ပြီး သားဖြစ်သူနဲ့အတူ ပွဲကြည့်စင်ပေါ်ကနေ ဝမ်းသာအားရ အောင်ပွဲခံခဲ့ပါတယ်။ အန်ဇိုကို အနီးကပ်ကြီးကြပ်ကွပ်ကဲပေးနေတဲ့ မာဆယ်လိုကတော့ ဒီရာသီအကုန်မှာ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ဘရာဇီးကို ပြန်ဖွယ်ရှိပါတယ်။
ဒါပေမယ့် ဘာနေဗျူးကွင်းကြီးထဲမှာ ရော်နယ်ဒိုနဲ့မာဆယ်တို့ နှစ်ယောက် အတွဲအဖက်ညီခဲ့ပုံတွေက ရီးရဲယ်မက်ဒရစ် ပရိသတ်တွေအတွက် ဒီကနေ့အထိ အမှတ်ရစရာဖြစ်နေဆဲပါ။ ပေါ်တူဂီသားနဲ့ဘရာဇီးသား နှစ်ယောက်ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အတွဲညီခဲ့ကြပြီး ရော်နယ်ဒို ရီးရဲယ်မက်ဒရစ်ကို စွန့်ခွာခဲ့တုန်းက မာဆယ်လိုတယောက် ငိုကြွေးခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။