ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီကနေ့ညမှာတော့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်အဖြစ် ပြိုင်ဘက်ဟောင်း အက်သလက်တီကိုနဲ့ မက်ဒရစ်မြို့မှာ သွားရောက် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲယ်မက်ဒရစ် ကစားသမားဘဝ (၉) နှစ်တာ ကာလအတွင်း အက်သလက်တီကိုနဲ့ ရာသီတိုင်း ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာလည်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ အက်သလက်တီကိုနဲ့ ပြန်လည်ထိပ်တိုက်တွေ့ကာ သူ့ရဲ့ ဟက်ထရစ်နဲ့အတူ ပြိုင်ပွဲကနေထွက်ခွာစေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်၊ လာလီဂါတို့မှာ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ဖူးပြီး သူ့ကြောင့်သာ ချန်ပီယံလိဂ်ဖလားတွေနဲ့ လွဲချော်ခဲ့ရတယ်လို့ အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ငြီးတွားခဲ့ဖူးပါတယ်။

ရော်နယ်ဒိုဟာ (၂၀၁၀) မှာ ရီးရဲယ်မက်ဒရစ် ကစားသမားအဖြစ်နဲ့ အက်သလက်တီကို,ကို ပထမဆုံး ရင်ဆိုင်ခဲ့ရပြီးနောက် အက်သလက်တီကိုနဲ့ (၃၅) ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ (၂၅) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘဝမှာ ဂိုးအများဆုံး အသွင်းခံရတဲ့ ဒုတိယမြောက်အသင်းဖြစ်ပြီး သူ့အပေါ်မှာ ဆီဗီလာ (၂၇-ဂိုး) တသင်းတည်းသာ ရှိပါတော့တယ်။
ဒါ့အပြင် ရော်နယ်ဒိုက အက်သလက်တီကိုနဲ့ တွေ့တဲ့ပွဲတွေမှာ ဂိုးဖန်တီးမှု (၅) ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲပေါင်း (၃၅) ပွဲမှာ ရော်နယ်ဒိုပါဝင်တဲ့အသင်းက (၁၆) ပွဲနိုင်၊ (၁၀) ပွဲသရေ၊ (၉) ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ အက်သလက်တီကိုဘက်ကို ဟက်ထရစ် (၄) ကြိမ် အထိ သွင်းယူထားပြီး နောက်ဆုံး တကြိမ်ကတော့ ဂျူဗင်တပ်စ် ကစားသမားဘဝ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတင် သွင်းယူခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ (၂၀၁၄) နဲ့ (၂၀၁၆) ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ခဲ့သေးပြီး ဒီနှစ်ကြိမ်လုံးမှာလည်း ရော်နယ်ဒိုပါဝင်တဲ့ ရီးရဲယ်မက်ဒရစ်ကသာ အက်သလက်တီကို,ကို အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း အက်သလက်တီကိုပရိသတ်တွေအတွက် ရော်နယ်ဒိုက အိပ်မက်ဆိုးတခုလိုဖြစ်နေပြီး ဒီကနေ့ည ပထမအကျော့ပွဲနဲ့ လာမယ့် ဒုတိယအကျော့ အိုးထရက်ဖို့ဒ်ကပွဲတွေမှာရော ရော်နယ်ဒိုတယောက် အက်သလက်တီကို,ကို နောက်ထပ် ဒဏ်ရာတွေပေးဦးမလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။