မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်၊ ပထမအကျော့ အင်တာမီလန်နဲ့လီဗာပူးတို့ ပွဲစဥ်မှာ လီဗာပူးက ဖေမီနို၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် ဒါဟာ ဆာလာအတွက် ချန်ပီယံလိဂ်မှာ အဝေးကွင်း ရှစ်ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တယ်ဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကို ရရှိခဲ့ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ရော်နယ်ဒိုရဲ့စံချိန်ကိုတော့ လိုက်မှီဖို့ ဆက်လက်ကြိုးစားရဦးမယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ အဝေးကွင်း (၁၂) ပွဲဆက်တိုက် ဂိုးသွင်းယူထားတာဖြစ်ပြီး သူ့အနေနဲ့ ဒီလိုမျိုး စွမ်းဆောင်ရည်ကို ရီးရဲယ်မက်ဒရစ်မှာ စွမ်းဆောင်ပြခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
ဆာလာဟာ ဒီရာသီ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဥ်တွေအဖြစ် အုပ်စုမှာ ထိပ်တိုက်တွေ့ခဲ့တဲ့ ပေါ်တို၊ အက်သလက်တီကို၊ အေစီမီလန်တို့နဲ့ပွဲတွေမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ (၂၀၂၀-၂၁) ဘောလုံးရာသီ လီဗာပူးရဲ့ ချန်ပီယံလိဂ်အဝေးကွင်း လေးပွဲဆက်ဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်၊ လိုက်ပ်ဇစ်၊ မစ်ဂျေးလန်း၊ အတ္တလန်တာတို့နဲ့ပွဲမှာလည်း ဆာလာက ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် မနေ့ညက အင်တာမီလန်ကို ဂိုးသွင်းနိုင်ခဲ့တဲ့နောက် ဆာလာအတွက် ချန်ပီယံလိဂ်နောက်ဆုံး ရှစ်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုတုန်းကလည်း (၂၀၁၂-၁၃) ရာသီ ချန်ပီယံလိဂ်မှာ ဒေါ့မွန်၊ ဂါလာတာစာရေး၊ ယူနိုက်တက်၊ (၂၀၁၃-၁၄) ရာသီ ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်၊ ကိုပင်ဟေဂင်၊ ဘိုင်ယန်မြူးနစ်၊ ရှော်လ်ကေး၊ ဂါလာတာစာရေး၊ (၂၀၁၄-၁၅) ရာသီ ချန်ပီယံလိဂ်မှာ လူဒိုဂိုရက်စ်၊ လီဗာပူး၊ ဘေဆယ်လ်၊ ရှော်လ်ကေးတို့ကို အဝေးကွင်းမှာ (၁၂) ပွဲဆက်တိုက် ဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။