ချဲလ်ဆီးကြယ်ပွင့် ခရစ်ရှန် ပူလီဆစ်က ယခုရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားနဲ့ ၎င်းအတွက် အခက်ခဲဆုံး ပြိုင်ဘက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပူလီဆစ်ဟာ အင်္ဂလိပ် ပရီးမီးယားလိဂ်မှာ တတိယမြောက်ရာသီကို ဖြတ်သန်းနေသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက် သူရဲကောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက စတမ်းဖို့ဒ် ဘရစ်ဂျ်ကို ရောက်ရှိခဲ့ပြီးကတည်းက ရင်ဆိုင်ခဲ့ရတဲ့ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယူအက်စ်အေလက်ရွေးစင်ကြယ်ပွင့်က လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာက ယခုနှစ် ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူး ပြောကြားခဲ့ပါတယ်။

မိုဟာမက် ဆာလာဟာ ယခုရာသီမှာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ဖို့အတွက် ၂၄ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူပေးပြီး ကူညီပေးထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားနာမည်ကို သတ်မှတ်ပေးဖို့ မေးမြန်းခဲ့ရာမှာ ပူလီဆစ်က Amazon Prime ကို "ခင်ဗျား ကျွန်တော်တို့အသင်းကို ကြည့်လိုက်မယ်ဆိုရင် မယုံနိုင်ဖွယ်စွမ်းဆောင်ရည်အချို့ ရှိနေတယ်လို့ ထင်ပါတယ်။ ဂျော်ဂျင်ညိုနဲ့ အန်ဂိုလို ကွန်တေတို့ကို ခင်ဗျား ကြည့်လိုက်ရင်ပေါ့"
"ဒါပေမယ့် ခင်ဗျားကို မိုဟာမက် ဆာလာနဲ့ သူ ရရှိခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားဖို့ ခက်မှာပါ။ သူလည်း ထိပ်တန်းကစားသမားပါ"
ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ခဲ့သမျှထဲက အကောင်းဆုံး ကစားသမားနဲ့ပတ်သက်ပြီး ပူလီဆစ်က "ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီးလည်း အငြင်းပွားဖို့ ခက်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေပါတယ်။ သူက အဲဒီ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် အကောင်းဆုံးတွေက အများကြီး ရှိနေတာပါ"လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။