ယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ အိုင်ဘီဇာကမ်းခြေက ဟိုတယ်တစ်ခုမှာ သူငယ်ချင်းတွေနဲ့အတူ အနားယူတည်းခိုနေတုန်း အဆိုပါ ဟိုတယ်ကို မန်စီးတီး ကစားသမားတွေ ရောက်ရှိလာခဲ့တယ်လို့ သိရှိရပါတယ်။ မန်စီးတီးကစားသမားတွေဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး နာရီပိုင်းအတွင်း အဆိုပါ နေရာကို ရောက်ရှိသွားခဲ့တာပါ။

ဂရီလစ်ရှ်၊ ဟာလန်းတို့ပါဝင်တဲ့အုပ်စုဟာ ဂျက်လေယာဥ်စင်းလုံးငှားရမ်းကာ အိုင်ဘီဇာကမ်းခြေမှာ သွားရောက် အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ သူတို့အနေနဲ့ အဆိုပါ ကမ်းခြေက တစ်ခန်းကို တစ်ည ပေါင် (၅၅၀) ကုန်ကျတဲ့ ဟိုတယ်တစ်ခုမှာ တည်းခိုရင်း အောင်ပွဲခံခဲ့ကြတာပါ။ ဒါပေမယ့် တိုက်ဆိုင်စွာနဲ့ပဲ ဒီဟိုတယ်မှာ ယူနိုက်တက် ကစားသမား မာတီနက်ဇ်လည်း ရှိနေခဲ့ကြောင်း သိရှိရပါတယ်။

မာတီနက်ဇ်နဲ့ မန်စီးတီးကစားသမားတွေ တွေ့ဆုံမိခဲ့ခြင်းရှိ၊ မရှိကိုတော့ မသိရှိရပေမယ့် မန်စီးတီး ကစားသမားတွေ ရောက်ရှိအောင်ပွဲခံနေချိန်က မာတီနက်ဇ် ဟိုတယ်မှာရှိနေချိန်နဲ့ တူညီကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ မာတီနက်ဇ်ဟာ ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲမှာ ရရှိခဲ့တဲ့ ခြေထောက်ကျိုးဒဏ်ရာကြောင့် အသင်းရဲ့ ရာသီကုန် ပွဲစဥ်တွေကို လွဲချော်ခဲ့ရပါတယ်။
ဒါ့အပြင် ယူနိုက်တက်ကလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ရရှိကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ချန်ပီယံလိဂ်ဖလားပါ ဆက်လက် ဆွတ်ခူးနိုင်ခဲ့တာကြောင့် မန်စီးတီးကတော့ ယူနိုက်တက်ရဲ့ တစ်ရာသီအတွင်း ဆုဖလားသုံးလုံး စံချိန်ကို လိုက်မီသွားခဲ့ပြီး ယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာ အချိန်ကာလဖြစ်နေခဲ့တာပါ။
အဲ့ဒီလိုအနေအထားမျိုးမှာပဲ မာတီနက်ဇ်တစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် ကံဆိုးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကစားသမားတွေဟာ အဆိုပါ ဟိုတယ်မှာ အချိန်ကြာကြာနေထိုင်ခွင့်မရှိခဲ့ဘဲ မန်စီးတီးရဲ့ မန်ချက်စတာမြို့တွင်း အောင်ပွဲခံအခမ်းအနားကို တက်ရောက်ဖို့အတွက် (၁၂) နာရီအကြာမှာ မန်ချက်စတာမြို့ကို ပြန်သွားခဲ့တယ်လို့ သိရှိရပါတယ်။