OnePlus စမတ်ဖုန်းကုမ္ပဏီရဲ့ မြန်မာငွေ ၂ သိန်း အောက်တန် တန်ဖိုးနည်းစမတ်နာရီကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပါတယ်။
စမတ်ဖုန်းကုမ္ပဏီ OnePlus ဟာ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ စမတ်နာရီလောကထဲ ဝင်ရောက်လာခဲ့တာပါ။ ဒီတစ်ခေါက်မှာတော့ တန်ဖိုးသင့် OnePlus Nord အမှတ်တံဆိပ်နဲ့ စမတ်နာရီသစ်တစ်လုံး ကြေညာလိုက်တာ ဖြစ်ပါတယ်။ OnePlus Nord Watch နာရီသစ်ဟာ ကြီးမားပြီး တောက်ပတဲ့ Screen နဲ့လာပြီး အားကစားလုပ်ဆောင်ချက်တွေကို ခြေရာခံနိုင်မယ့် Sports Tracking ခြေရာခံစနစ်တို့လည်း ထည့်သွင်းထားပါတယ်။ ဘက်ထရီသက်တမ်းကလည်း ရက် ၃၀ အထိ အားခံမယ်လို့ ဆိုပါတယ်။

Photo: GSMArena
OnePlus Nord Watch ဟာ လေးထောင့်မှန်ပြင် ၁.၇၈ လက်မ AMOLED Screen နဲ့ လာပြီး ရုပ်ထွက် Resolution အဖြစ် 368 x 448pixels ရုပ်ထွက် ၊ 60Hz Refresh Rate တို့ ပါရှိပါတယ်။ ဒီစမတ်နာရီမှာ ကိုယ်ပိုင် GPS မပါရှိတာကြောင့် Bluetooth 5.2 ကနေတစ်ဆင့် စမတ်ဖုန်းကနေ တည်နေရာကို ရယူနိုင်မှာ ဖြစ်ပါတယ်။ OnePlus ဟာ ဒီစမတ်နာရီကို ကျား/မ မရွေး ဝတ်ဆင်နိုင်တဲ့ Unisex Wearable နာရီအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပြီး အမျိုးသမီးတွေအတွက်လည်း လစဉ်ဓမ္မတာစက်ဝန်းကို ခြေရာခံနိုင်မှာပါ။
အသုံးဝင်တဲ့ features တွေအနေနဲ့ နှလုံးခုန်တိုင်း အာရုံခံစနစ် ၊ သွေးတွင်းအာရုံခံတိုင်း SpO2 Sensor နဲ့ အိပ်စက်မှုခြေရာခံ အထောက်အပံ့စနစ်တို့လည်း ပါဝင်ပါတယ်။ အရှိန်တိုင်း Accelerometer ပါဝင်တာကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေကို အလိုအလျောက် ထောက်လှမ်းနိုင်သလို အားကစားအမျိုးအစားပေါင်း ၁၀၅ မျိုးကိုပါ အထောက်အပံ့ပေးနိုင်မှာပါ။ ရေစိုဖုန်တင်ခံနှုန်းအနေနဲ့လည်း IP68 Rating ပါဝင်လို့ ဖုန်တင်/ရေစိုဒဏ်ကို ကာကွယ်ပေးနိုင်စွမ်း ရှိမှာ ဖြစ်ပါတယ်။
Photo : GSMArena
နာရီအိုးဟာ ဇင့်သတ္တုအလွိုင်း နဲ့ ပလတ်စတစ်တို့နဲ့ ထုတ်ထားပြီး ကြိုးကိုတော့ ဆီလီကွန်ကြိုးအမျိုးအစား သုံးထားပါတယ်။ ဘက်ထရီပါဝါ 230mAh သုံးထားပြီး low-power mode နဲ့ သုံးမယ်ဆိုရင် တစ်ခါအားသွင်းထားတာနဲ့ ရက် ၃၀ အထိ အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ ပုံမှန် နေ့စဉ်အသုံးပြုမှုကတော့ ၁၀ ရက်အထိ အားခံမယ်လို့ OnePlus က ကြေညာပါတယ်။ OnePlus Nord Watch ကို Midnight Black ကာလာနဲ့ လာပြီး မိတ်ဆက်ဈေး ရူပီး ၅၀၀၀ (မြန်မာငွေ ၁ သိန်း ၃ သောင်းဝန်းကျင်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။
ပုံမှန်ဈေးကိုတော့ ရူပီး ၇၀၀၀ ( မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ဈေး သတ်မှတ်ထားပြီး Deep Blue အပြာရင့်ဗားရှင်းလည်း ထွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။