ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်သစ်ကိစ္စအဆင်မပြေဖြစ်ပြီး PSG ကို ရောက်ရှိလာခဲ့တဲ့ ရာမို့စ်ဟာ လက်ရှိအချိန်မှာတော့ အသင်းသစ်နဲ့ ပထမဆုံးပွဲဦးထွက်အဖြစ် မန်စီးတီးနဲ့ ကစားမယ့်ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ ရာမို့စ်ဟာ အသင်းပြောင်းလာတည်းက ဒဏ်ရာပါလာခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့်ပဲ ရာမို့စ်ကို PSG ဘက်က စာချုပ်ဖျက်သိမ်းတော့မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။

ဒါပေမယ့်လည်း ဒီသတင်းတွေကိုတော့ ရာမို့စ်ဘက်က ငြင်းဆန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်ကို ထွက်ခွာသွားတဲ့ PSG လူစာရင်းမှာ ရာမို့စ်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်ညမှာ PSG က မန်စီးတီးအိမ်ကွင်းကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲက အုပ်စုပထမနေရာလိုချင်တဲ့ နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။

ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်တည်းက ရာမို့စ်တစ်ယောက် နိုင်ငံပွဲတွေအပြီး နန့်တက်စ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ဆေးအဖွဲ့ကလည်း ခွင့်ပြုခဲ့ပေမယ့် နည်းပြပိုချက်တီနိုကတော့ မစွန့်စားခဲ့ပါဘူး။ ရာမို့စ်ဟာ ဒီ (၂၀၂၁) မှာ လက်ရှိအချိန်ထိ (၅) ပွဲသာ ကစားထားရသေးပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရကာ ပွဲဆက်ပြတ်နေတာလည်းဖြစ်ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရတော့ ရာမို့စ်အနေနဲ့ ပွဲထွက်ကစားခွင့်ရမလား၊ လူစားဝင်ကစားခွင့်ရမလား မသေချာပေမယ့် သေချာတာတခုကတော့ ရာမို့စ်တစ်ယောက် သေချာပေါက် ကွင်းထဲ ဝင်ကစားခွင့်ရရှိမယ်လို့ဆိုထားတာပါ။ ရာမို့စ်သာ မန်စီးတီးနဲ့ပွဲမှာ ဝင်ကစားဖြစ်ခဲ့ရင် အဲ့ဒီပွဲက မေ (၅) နောက်ပိုင်း ရာမို့စ်အတွက် ပထမဆုံးပြန်ကစားတဲ့ပွဲဖြစ်လာပါလိမ့်မယ်။
မေ (၅) မှာ ရီးရဲယ်မက်ဒရစ်နဲ့ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဖြစ် ရင်ဆိုင်ကစားခဲ့ကြတာပါ။ လက်ရှိ PSG ရဲ့ အုပ်စုမှာတော့ မန်စီးတီးက အုပ်စုကို ရမှတ် (၉) မှတ်နဲ့ဦးဆောင်ထားပြီး PSG က အုပ်စု ဒုတိယနေရာမှာ ရမှတ် (၈) မှတ်နဲ့ ရပ်တည်နေတာပါ။
ပထမအကျော့ PSG အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရတုန်းက မက်ဆီရဲ့ PSG ကစားသမားဘဝ ပထမဆုံးသွင်းဂိုးနဲ့အတူ PSG က ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ရာမို့စ်သာ ဒီပွဲမှာဝင်ကစားဖြစ်ခဲ့ရင် ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေ ရှိလာဦးမလဲ စောင့်ကြည့်ရတော့မှာပါ။