နွေရာသီဆို အချဉ်ပေါင်းစားဖို့ တောင့်တကြတဲ့ သူတွေ များမယ်ထင်ပါတယ်။ အချဉ်ပေါင်းစားရတာကို သဘောကျနှစ်ခြိုက်ကြတဲ့ ဓူဝံပရိသတ်ကြီးအတွက် ပုံမှန်စားနေကျ အချဉ်ပေါင်းတွေလို ငံပြာရည်နဲ့ သုပ်စားရတာ မျိုးမဟုတ်ဘဲနဲ့ ဆိုင်ရှင်က သူကိုယ်တိုင် တီထွင်ထားတဲ့ ဆော့စ်လေးနဲ့ အသီးေတွကို တို့ပြီးစားရမယ့်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မေလေးရဲ့ ဆော့စ်
မေလေးဆော့စ် ဆိုတာကတော့ ဆိုင်ရှင်က အချဉ်ပေါင်းကို သဘောကျတတ်တဲ့ အမျိုးသမီးတွေကို ရည်ရွယ်ပြီး ပေးထားတဲ့ နာမည် ဖြစ်ပါတယ်။ မေလေးရဲ့ ဆော့စ် လို့ အမည်ပေးပြီးကိုယ်တိုင် တီထွင်ထားတဲ့ ဒီဆော့စ် မှာဆိုရင် မြိတ်ငါးပိ၊ မြိတ်ငံပြာရည်၊ ထန်းလျက်နဲ့ ကပ်စေးနဲ တို့ကို ယိုပုံစံ ဖြစ်အောင်ရောကျိုထားတာဖြစ်ပါတယ်။ ကလေး၊ လူကြီးမရွေးစားလို့ရတဲ့ ဆော့စ်အချို ပုံစံလုပ်ထားတာပါ။
ဆော့စ်လေးနဲ့ တို့စားတဲ့အခါ အသီးနဲ့ အရသာ လိုက်ဖက်နေအောင် စဉ်းစားပြီးယိုလိုပုံစံမျိုးဆော့စ်လေးလုပ်ထားတာပါဖြစ်တယ်လို့ ဆိုင်ရှင်ကပြောပါတယ်။
ဒီဆိုင်ရဲ့အဓိက ရည်ရွယ်ချက်
“ငံပြာရည်နဲ့ကျတော့ အသီးနဲ့ကတစ်တွဲတည်း ဖြစ်မနေတော့ဘဲ အသီးက သပ်သပ် ၊ ငံပြာရည်က သပ်သပ်ဖြစ်နေတာကို သဘောမကျဘူး၊ ကိုယ်လည်း မကြိုက်သလို ရောင်းလည်း မရောင်းချင်ဘူး၊ ဒါ့ကြောင့် ကိုယ်တိုင် ငယ်ငယ်က ဇီးထုပ်တွေမှာ ပါတဲ့ ယိုတွေကို တွေးမိပြီးတော့ ဒီဆော့စ် လေးကို တီထွင်ဖြစ်ခဲ့တာပါ၊" လို့ “မေလေး”ဆိုင်ရှင်မနွေးနွေးထက်က အခုလိုပဲပြောပြပါတယ်။
အဓိကပေးချင်တဲ့မက်ဆေ့လေးကတော့ အသီးကို တီထွင်ထားတဲ့ ဆော့နဲ့တို့စားစေချင်တဲ့စိတ်လေးနဲ့ တီထွင်ခဲ့တာ လို့လည်းသိရပါတယ်။ တကယ်လို့ ဒီလို ယိုဆော့စ် နဲ့ စားတာမျိုး မဟုတ်ဘဲ ငံပြာရည်နဲ့ စားချင်တဲ့သူတွေအတွက်လည်း ငံပြာရည်နဲ့ သုတ်ပေးတာမျိုးလည်း လုပ်ပေးပါတယ်။
ဆိုင်နာမည်“မေလေး”လို့ ပေးဖြစ်ပုံ
တကယ်တော့ ဆိုင်ရှင်နာမည်က မေ ဆိုတဲ့ နာမည်တစ်လုံးမှမပါသလို မေလေး ဆိုတာကလည်း ဆိုင်ရှင်နာမည် မဟုတ်ပါဘူး။ "နာမည်ကို“မေလေး”လို့ ပေးဖြစ်တာကတော့ ဒီလို အသီးအနှံလေးတွေ ၊ ဒီလို အချဉ်ပေါင်းတွေက မိန်းကလေးတွေအစားများတဲ့အတွက် မိန်းကလေးတွေကိုရည်ညွှန်းပြီး ပေးဖြစ်တာ၊ ဒါကြောင့်မို့ ပိုထူးထူးခြားခြားနဲ့ လူမှတ်မိအောင် မေလေးဆော့စ်နဲ့ တို့စားကြမယ် "လို့ နာမည်ပေးဖြစ်ခဲ့တာဖြစ်တယ်" လို့ ဆိုင်ရှင်မနွေးနွေးထက်ကပြောပါတယ်။
ဈေးနှုန်းလေးတွေက
ဈေးနှုန်းအနေနဲ့ဆိုရင်လည်း မြန်မာငွေ(၁၅၀၀) ကျပ်ကနေ (၁၂၀၀၀) ကျပ်အတွင်းရှိပြီး ဘူးလေးနဲ့ သပ်သပ်ရပ်ရပ်လေး ထည့်ရောင်းပေးနေတာဖြစ်ပါတယ်။
ရောင်းအားအနေနဲ့ဆိုရင်တော့ သုံးလအတွင်း အနည်းဆုံး ၁၅ပွဲကနေ ပွဲ ၃၀ လောက်အထိ ရောင်းခဲ့ရတယ်လို့လည်းသိရပါတယ်။
ဆိုင်လိပ်စာ
မေလေးဆော့ နဲ့ တို့စားကြမယ် ဆိုင်မှာ သွားရောက်ပြီး မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ လိပ်စာကတော့ တာမွေအဝိုင်း၊ တာမွေ Ocean ကပ်ရပ်၊ အောင်ချမ်းသာအိမ်ရာရှေ့မှာပါ။
အချဉ်ပေါင်းကြိုက်နှစ်သက်တဲ့သူတွေအတွက် မေလေး အချဉ်ပေါင်းဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်နော်။