ရီးရဲလ်မက်ဒရစ်က မာယော့ကာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဥ်မှာ အသင်းရဲ့ အရံကစားသမား မာကိုအဆန်စီယို တယောက် လူစားဝင်ကစားခွင့်မရခဲ့တာကြောင့် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဒီပွဲမှာ အဆန်စီယိုက လူစားဝင်ကစားခွင့်ရဖို့အတွက် သွေးပူလေ့ကျင့်ခန်းဆင်းခဲ့ပြီးမှ အခုလိုမျိုး အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

အဆန်စီယိုကို အန်ဆယ်လော့တီက သွေးပူလေ့ကျင့်ခန်းလုပ်ခိုင်းခဲ့တာကြောင့် အဆန်စီယိုက ဝင်ကစားခွင့်ရတော့မယ်လို့ ထင်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာ လူစားလဲမှု (၄) ကြိမ်ပြုလုပ်ခဲ့ပြီး မိုဒရစ်၊ နာချို၊ ကာမာဗင်ဂါ၊ ကာဗာဟယ်လ်တို့ကို လူစားလဲဝင်ရောက်စေခဲ့ပါတယ်။ ကာဗာဟယ်လ် လူစားဝင်ဖို့ ပြင်ဆင်နေချိန်မှာတော့ အဆန်စီယိုတယောက် ဒေါသပေါက်ကွဲခဲ့ပြီး အရံခုံတန်းမှာပဲ ပြန်ထိုင်နေခဲ့ပါတယ်။
ဒီလိုမျိုး မထိုင်ခင်မှာ အဆန်စီယိုက ကန်ကျောက်မှုတွေ ပြုလုပ်ခဲ့ပြီး အရံခုံတန်းက ရေဘူးကိုလည်း ပစ်ပေါက်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတာကို ရုပ်သံမှတ်တမ်းတွေက အမိအရဖော်ပြခဲ့ပြီး အဆန်စီယိုရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ အဆုံးသတ်တာ သေချာသွားပြီလို့လည်း သုံးသပ်နေကြပါတယ်။ အဆန်စီယိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေသူပါ။
ပြီးခဲ့တဲ့နွေစျေးကွက်မှာ ဒီကစားသမားက အသင်းသစ်ရှာဖွေခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီရာသီမှာ အခုလိုမျိုး ပွဲကစားခွင့် ပျောက်ဆုံးနေဟန်ရှိပြီး လက်ရှိအချိန်ထိ (၁၇) မိနစ်သာ ပွဲကစားခွင့်ရရှိထားပါတယ်။ ဂျူဗင်တပ်စ်ကလည်း ဒီကစားသမားအတွက် အခွင့်အရေးရရင် လာမယ့် ဆောင်းရာသီမှာတင် အရခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။
အဆန်စီယိုရဲ့ အပြုအမူနဲ့ ပတ်သက်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ နည်းပြ အန်ဆယ်လော့တီက “အဆန်စီယိုဒေါသဖြစ်တာကို ကျနော် နားလည်ပါတယ်။ ဒါက သာမန်ကိစ္စရပ်တခုပါပဲ။ သူက အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းမှာ ပါဝင်နေဆဲဖြစ်ပြီး အခုလိုမျိုး ဒေါသပေါက်ကွဲခဲ့တဲ့အပေါ်မှာလည်း ကျနော် လက်ခံပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။