ဖွေးဖွေးကတော့ ၃ ကြိမ်မြောက် အကယ်ဒမီဆုကို ရွှေကြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဆိုင်သွားပြန်ပါပြီ။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးရုပ်ရှင်ဇာတ်ဆောင်ဆုကိုတော့ သရုပ်ဆောင် ဖွေးဖွေးက ရွှေကြာ ရုပ်ရှင်ဇာတ်ကား နဲ့ တတိယမြောက် အကယ်ဒမီ ဆုကို ရရှိပိုင်ဆိုင်ခဲ့ပြန်ပါပြီ။ သူမကို အားပေးကြတဲ့ ပရိသတ်တွေကတော့ အရမ်းကို ပျော်ရွှင်လို့ နေပါတယ်။
'' ရွှေကြာရဲ့ ပဲ့ကိုင်ရှင် ကိုဝိုင်းကို ကျေးဇူးတင်ပါတယ်။ ရွှေကြာလို မိန်းကလေးတွေအတွက် ကြာပန်းလေး လွတ်မြောက်သလို ရေးသားပေးခဲ့တဲ့ ဆရာမကို ကျေးဇူးတင်ပါတယ်။ ရွှေကြာ ဇာတ်ရုပ်ကို သိချင်လို့ မျှဝေပေးခဲ့တဲ့ အစ်မတွေ၊ အစ်ကိုတွေကို ကျေးဇူးတင်ပါတယ်။ ဖွေးရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ အမေမွှေး၊ ဒါရိုက်တာ မောင်မျိုးမင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဖွေးကို အရမ်းချစ်ပေးကြတဲ့ ပရိသတ်တွေလည်း ပျော်ရွှင်နေလိမ့်မယ်လို့ထင်ပါတယ်။ အကယ်ဒမီ တစ်ဆု ရတိုင်း ဒီ့ထက်တော်အောင် ကြိုးစားမယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမလေ့ရှိပါတယ်'' လို့ သူကဆိုပါတယ်။
photo: Amazing Grace
ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော်ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို
၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကိုအကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ် (၂၀၁၉ ခုနှစ်)မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။