အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့က ကမ္ဘာတစ်ဝန်းမှာ နေထိုင်ရန် ဈေးအကြီးဆုံးမြို့ဖြစ်ကြောင်း နှစ်စဥ် ပြုလုပ်နေကျ Economist Intelligence Unit (EIU) ရဲ့ ယခုနှစ်အတွက် စစ်တမ်းအရ သိရှိရပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ကုန်စည်ထောက်ပံ့မှုဆိုင်ရာ ပြဿနာတွေကြောင့် ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးမြို့တော် တဲလ်အဗစ်ဟာ EIU ရဲ့ နေထိုင်ရန် ဈေးအကြီးဆုံး ကမ္ဘာ့မြို့များစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် နံပါတ်တစ်နေရာကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

(တဲလ်အဗစ်) (Photo: Corinna Kern / Reuters)
ယမန်နှစ် စာရင်းမှာတော့ တဲလ်အဗစ်က နံပါတ်ငါးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် နေထိုင်ရန် ဈေးအကြီးဆုံး ကမ္ဘာ့မြို့များစာရင်းရဲ့ ဒုတိယနေရာမှာ ပါရီမြို့နဲ့ စင်ကာပူမြို့တို့က ပူးတွဲရပ်တည်ခဲ့ကြောင်းလည်း သိရပါတယ်။ စစ်ပွဲဒဏ်သင့်နေတဲ့ ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့ကတော့ ကမ္ဘာ့မြို့တွေအနက် နေထိုင်ရန် ဈေးအသက်သာဆုံးမြို့ဖြစ်တယ်လို့ EIU စာရင်းက ဖော်ပြထားပါတယ်။
EIU စစ်တမ်းက ကမ္ဘာ့မြို့ပေါင်း ၁၇၃ မြို့မှာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအတွက် အမေရိကန်ဒေါ်လာဖြင့် ကုန်ကျစရိတ်တွေကို နှိုင်းယှဥ်ထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ ပြည်တွင်းငွေကြေးအရ ဈေးနှုန်းတွေဟာ ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြန်ဆုံးဖြစ်ကြောင်း EIU က ပြောပါတယ်။
(ပါရီ) (Photo: Philippe Lopez / AFP)
ကမ္ဘာ့မြို့တွေမှာ ဓာတ်ဆီတစ်လီတာ ကုန်ကျစရိတ်ဟာ ပျမ်းမျှ ၂၁ ရာခိုင်နှုန်းအထိ ထိုးတက်သွားမှုနဲ့အတူ သယ်ယူပို့ဆောင်ရေးဟာ ဈေးနှုန်းအကြီးဆုံး မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ တဲလ်အဗစ်က နေထိုင်ရန် ကမ္ဘာ့ဈေးအကြီးဆုံးမြို့ ဖြစ်လာခြင်းဟာ အစ္စရေးနိုင်ငံရဲ့ shekel ငွေကြေးတန်ဖိုး မြင့်တက်လာမှုကြောင့်လည်း ဖြစ်ပါတယ်။
ထို့အတူ ကုန်ပစ္စည်းတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ သိသိသာသာ ဈေးတက်လာပြီး အထူးသဖြင့် စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ EIU စစ်တမ်းအရ တဲလ်အဗစ်မြို့ဟာ အရက်နဲ့ သယ်ယူပို့ဆောင်ရေးမှာ ဒုတိယ ဈေးအကြီးဆုံးမြို့ဖြစ်ကြောင်းနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းဈေးနှုန်းမှာ ပဥ္စမနဲ့ ဖျော်ဖြေရေးမှာ ဆဌမ ဈေးအကြီးဆုံးမြို့ဖြစ်ကြောင်းလည်း သိရပါတယ်။
(စင်ကာပူ) (Photo: Suhaimi Abdullah / NurPhoto via Getty Images)
ယမန်နှစ် EIU စစ်တမ်းမှာ ပါရီ၊ ဇူးရစ်နဲ့ ဟောင်ကောင်တို့က နေထိုင်ရန် ကမ္ဘာ့ဈေးအကြီးဆုံးမြို့တွေအဖြစ် ပူးတွဲရပ်တည်ခဲ့ကြပါတယ်။ ယခုနှစ်အတွက် နေထိုင်ရန် ကမ္ဘာ့ဈေးအကြီးဆုံးမြို့များ စာရင်းမှာတော့ ဇူးရစ်နဲ့ ဟောင်ကောင်က စတုတ္တနဲ့ ပဥ္စမနေရာမှာ ရပ်တည်ခဲ့ကြပြီး ထိုမြို့တွေရဲ့နောက်မှာတော့ နယူးယော့ခ်၊ ဂျီနီဗာ၊ ကိုပင်ဟေဂင်၊ လော့စ်အိန်ဂျလိစ်နဲ့ အိုဆာကာတို့က အစဥ်လိုက် ရပ်တည်ကြကြောင်း သိရပါတယ်။