တရုတ်နိုင်ငံအတွင်းက လိုင်စင်မရှိတဲ့ iOS ဂိမ်းတွေကို Apple ဟာ ပိတ်ပင်မှု လုပ်နေပြီ ဖြစ်ပါတယ်။
Financial Times သတင်းအရ တရုတ်အစိုးရဆီမှ လိုင်စင်မဆောင်ထားတာကြောင့် App Store ပေါ်က ထောင်ပေါင်းများစွာသော ဂိမ်းတွေအတွက် update ပေးမှုကို Apple ဟာ ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရဟာလည်း ပြည်တွင်းစည်းမျဉ်းဥပဒေများနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ Apple ကို ဖိအားပေးထားတာ ဖြစ်ပြီး ဒီထဲမှာ တရုတ် App Store ပေါ်က ဂိမ်းအားလုံးဟာ အစိုးရထုတ်ပေးထားတဲ့ လိုင်စင်ရှိရမယ်ဆိုတဲ့ အချက်လည်း ပါနေပါတယ်။

Photo: 9to5Mac
တရုတ်နိုင်ငံဟာ Apple ရဲ့ အကြီးဆုံး App Store ဈေးကွက်ဖြစ်ပြီး ဒီဈေးကွက်အတွင်းကနေ ရတဲ့ App Store ဝင်ငွေဟာ ဒေါ်လာ ၁၆.၄ ဘီလျံအထိ ရှိပါတယ်။ တရုတ်နိုင်ငံ App Store ကနေ ရတဲ့ ဝင်ငွေအများစုကလည်း ဂိမ်းတွေကနေ ဝင်တာ ဖြစ်ပါတယ်။ Newzoo ဈေးကွက်သုတေသနကုမ္ပဏီရဲ့ အချက်အလက်တွေအရ iOS ဟာ တရုတ်နိုင်ငံအတွင်း မိုဘိုင်းဂိမ်းဝင်ငွေစုစုပေါင်းရဲ့ ၅၃% ရရှိနေပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၃ ဘီလျံဝန်းကျင် ရှိမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၁၆ ခုနှစ်ကစပြီး paid app နဲ့ in-app purchase ပါတဲ့ app တွေဟာ Internet Content Provider လိုင်စင် ယူဖို့ ညွှန်ကြားလာတာပါ။ အန်းဒရိုက် App Stores တွေကတော့ ၂၀၁၆ ခုနှစ်ကပြီး လိုင်စင်စည်းမျဉ်းတွေကို လိုက်နာခဲ့ပြီး Apple ကတော့ လနဲ့ချီ ကြာမြင့်နိုင်တဲ့ လိုင်စင်ခွင့်ပြုချက်စောင့်နေစဉ်အတွင်း developers တွေအနေနဲ့ App Store ပေါ် ဂိမ်းတင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
Photo: CNBC
တရုတ်အစိုးရဟာ ၂၀၁၀ ကစပြီး ဂိမ်းလိုင်စင်ပေါင်း ၄၃၀၀၀ ခန့် ထုတ်ပေးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံအတွင်း App Store ပေါ်မှာ အခပေးဂိမ်းပေါင်း ၆ သောင်းခန့် ရှိနေပါတယ်။ ဒါကြောင့် App Store ပေါ်မှာ update ပေးဖို့ ပိတ်ခံရမယ့် ဂိမ်းအရေအတွက်ဟာ သောင်းနဲ့ချီ ရှိနိုင်ပါတယ်။
Apple ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဇွန်လကုန် နောက်ဆုံးထားပြီး ဂိမ်းလိုင်စင်ဆောင်ဖို့ မိုဘိုင် ဂိမ်း developers တွေကို ညွှန်ကြားထားပါတယ်။ လိုင်စင်မရှိတဲ့ ဂိမ်းတွေအနေနဲ့ ဇူလိုင်လကစပြီး Apple App Store ကနေ ပိတ်ပင်ဖယ်ရှားမှုလည်း လုပ်သွားမှာ ဖြစ်ပါတယ်။