၂၀၁၉ အကုန် Huawei ရဲ့ စမတ်ဖုန်းရောင်းအား ရည်မှန်းချက်က တစ်ကမ္ဘာလုံးမှာ စမတ်ဖုန်းအလုံးရေ သန်း ၂၆၀ အထိ ရောင်းချနိုင်ဖို့လို့ဆိုပါတယ်။
၂၀၁၈ ဒုတိယနဲ့တတိယ သုံးလပတ်အတွင်း ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီနေရာကို ရောက်လာခဲ့တဲ့ Huawei ဟာ တရုတ်ဖုန်းဈေးကွက်မှာလည်း အင်အားအကြီးဆုံး ကုမ္ပဏီဖြစ်ပြီး ဈေးကွက်ဝေစု ၃၄% ပိုင်ဆိုင်ထားပါတယ်။ ဒီနှစ်အတွင်းမှာ Huawei စမတ်ဖုန်းရောင်းအားကို အလုံးရေ သန်း ၂၅၀ ကနေ သန်း ၂၆၀ အထိ ရှိလာဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

Photo: Duwun Tech
South China Morning Post မှာ ဖော်ပြထားတဲ့ သတင်းအရ ကုမ္ပဏီရဲ့ မိုဘိုင်းလ်စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ရစ်ချတ်ယုချန်တောင်မှ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ရှန်ဟိုင်းမှာ ပြုလုပ်ခဲ့တဲ့ ကွန်ဖရင့်တစ်ခုမှာ ကုမ္ပဏီအနေနဲ့နံပါတ် ၁ နေရာကို ရောက်လာဖို့မျှော်မှန်းချက်ကို ပြောသွားခဲ့တာပါ။
"Huawei စမတ်ဖုန်းအမှတ်တံဆိပ်ကို တည်ဆောက်ဖို့ကျွန်တော်တို့၆ နှစ် ၊ ၇ နှစ် ကြိုးပမ်းအားထုတ်ခဲ့တာပါ။ လာမယ့် နှစ်ထက် နောက်မကျစေဘဲ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း brand ဖြစ်လာဖို့ရှိပါတယ်။" လို့သူက ဆိုပါတယ်။
လက်ရှိအချိန်မှာ Samsung ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ ဈေးကွက်ဝေစု ၁၈% နဲ့အကြီးဆုံး ဖြစ်ပြီး Apple နဲ့Huawei တို့ဟာ ၁၇% နဲ့၁၈% စီ ရှိတယ်လို့Counterpoint ရဲ့ ၂၀၁၈ စတုတ္ထသုံးလပတ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။ Huawei ဟာ ၂၀၁၇ ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၁၅၂၃ သန်း ရောင်းချနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ စမတ်ဖုန်းရောင်းအား သန်း ၂၀၀ ကျော်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်မှာ ပထမဆုံး မိုဘိုင်းလ်ဖုန်းထုတ်ခဲ့တဲ့ Huawei ဟာ ၂၀၁၆ နှစ်ဆန်းပိုင်းက လာမယ့် ၂၀၂၁ ခုနှစ်အကုန်မှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်ဖို့ကြိုးစားသွားမယ်လို့ကြေညာခဲ့ပါတယ်။